အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ ပီဇာချစ်သူတွေရော ပေါင်မုန့်ချစ်သူတွေပါ လျှာလည်သွားစေမယ့် ချိစ်အရသာ ပေါင်မုန့်ချောင်းလေးပဲဖြစ်ပါတယ်။ ပီဇာအရသာကို မှီငြမ်းပြီးပြုလုပ်ထားတဲ့အတွက်ကြောင့် ပီဇာအရသာမျိုးကိုလည်း မြည်းစမ်းခံစားရနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • Mozzeralla ချိစ် ပန်းကန်လုံးအသေး ၁ လုံးခွဲ
  • ခရင်မ်ချိစ် ၁ အောင်စ
  • အယ်လ်မွန်ဂျုံမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
  • အုန်းသီးဂျုံမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၁ လုံး

အလှဆင်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ

  • Mozzarella ချိစ် ပန်းကန်လုံးအသေး တစ်ဝက်ခန့်
  • Parmesan ချိစ် နည်းငယ်
  • ပါးပါးလှီးထားသော နံနံပင် လက်ဖက်ရည်ဇွန်းတစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲသို့ Mozzeralla ချိစ် ၃ ပုံ ၁ ပုံနှင့် ခရင်မ်ချိစ် ၁ အောင်စတို့ထည့်ကာ မိုက်ခရိုဝေ့ဖ်ထဲတွင် စက္ကန့် ၃၀ ခန့် အပူပေးပါ။ ထို့နောက် ချိစ်နှစ်မျိုး သမသွားဖို့အတွက် မွှေပေးလိုက်ပါ။

ကျန်ရှိနေတဲ့ Mozzeralla ချိစ် တစ်ဝက်ထည့်ကာ မိုက်ခရိုဝေ့ဖ်ထဲ စက္ကန့် ၃၀ အပူပေးပါ။ သတ်မှတ်ချိန်ပြည့်ပါက သမအောင် ပြန်မွှေပေးလိုက်ပါ။ ထို့နောက် ကျန်ရှိနေတဲ့ Mozzarella ချိစ်များ ပေါင်းထည့်ပြီး နောက်ထပ် စက္ကန့် ၃၀ အပူပေးပါ။ နောက်ဆုံးတစ်ခေါက် သမအောင် ပြန်မွှေပါ။

၃။ ထိုချိစ်လုံးကို အစားအစာကြိတ်စက်ထဲ ထည့်ပါ။ အယ်လ်မွန်ဂျုံမှုန့်၊ အုန်းသီးဂျုံမှုန့်နှင့် ကြက်ဥ ဖောက်ထည့်ကာ အရှိန်ပြင်းပြင်းဖြင့် သမအောင် မွှေလိုက်ပါ။

၄။ ရရှိလာတဲ့ ဂျုံလုံးကို ဆီစုပ်စက္ကူ ၂ ခုကြားညှပ်ကာ ဒလှိမ့်တုံးဖြင့် ပြားနေအောင် လှိမ့်ပေးလိုက်ပါ။ ထို့နောက် အပေါ်မှာအုပ်ထားတဲ့ စက္ကူကို ဖယ်ရှားလိုက်ပြီး အောက်ခံစက္ကူနှင့် ဂျုံပြားတွဲလျက်ကို လင်ဗန်းပေါ်သို့ တင်ထားလိုက်ပါ။

၅။ ဂျုံပြားပေါ်သို့ Mozzarella ချိစ် ၄ ပုံ ၁ ပုံဖြူးထည့်ပါ။ ထို့နောက် Oven ထဲတွင် ၅ မိနစ်၊ ၆ မိနစ်ခန့် ထည့်ဖုတ်ပါ။

၆။ တစ်ဖန် ဂျုံပြားပေါ်သို့ ကျန်ရှိနေတဲ့ Mozzarella ချိစ်များနှင့် Parmesan ချိစ်တို့ကို အညီအမျှဖြူးထည့်ကာ Oven ထဲတွင် နောက်ထပ် ၃ မိနစ်၊ ၅ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။ ထို့နောက် ဓားရာပေးပြီး အညီအမျှခွဲလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချိစ်ပေါင်မုန့်ချောင်းလေးများ ရရှိသွားပါပြီ။ စားခါနီးကျမှ နံနံပင်အနည်းငယ် ဖြူးထည့်လိုက်ပါ။

Source: Kirbiecravings.com