ကြက်ကြော်ကြိုက်တဲ့သူတွေအတွက် အိမ်မှာ ကိုယ်တိုင်ကြော်စားလို့ရအောင် KFC Style Popcorn Chicken ကြော်နည်းကို မျှဝေပေးလိုက်ပါတယ်။ မိသားစုနဲ့အတူ ကိုယ်တိုင်ကြော်စားတော့ ပိုပြီးကောင်းတာပေါ့။

ကြက်ရင်အုံသား ၂ ခုကို တစ်လက်မအရွယ် အတုံးလေးတွေ တုံးပေးပြီး ပန်းကန်ထဲထည့်ထားပါ။

ပန်းကန်ထဲကို ဆား – အနည်းငယ်၊ ပဲငံပြာရည်အကြည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ရှာလကာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ထောင်းထားတဲ့ဂျင်း – စားပွဲတင်ဇွန်း ၁ ဇွန်းစာ၊ အရောင်တင်ငရုပ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းစာ၊ အသင့်သောက်နွားနို့ – ခွက်တစ်ဝက်စာနဲ့ ငရုပ်ကောင်းမှုန့် – အနည်းငယ်တို့ကိုထည့်ပြီး သမအောင်နယ်ပေးပါ။

နယ်ပြီးရင် မိနစ် ၃၀ လောက် နှပ်ထားလိုက်ပါ။

နောက်ထပ်ပန်းကန်လုံးအကြီးထဲကို ဂျုံမှုန့် – စားပွဲတင်ဇွန်း ၅ ဇွန်း၊ ပြောင်းကော်မှုန့် – စားပွဲတင်ဇွန်း ၄ ဇွန်း၊ အရောင်တင်ငရုပ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ဆား – အနည်းငယ် ထည့်ပြီး သမအောင်နယ်လိုက်ပါ။

ခုနက ကြက်သားနှပ်ထားတာ အချိန်ပြည့်ပြီဆိုရင် ကြက်ဥတစ်လုံး ဖောက်ထည့်ပြီး နယ်ပေးပါ။

နယ်ပြီးရင် ကြက်သားတစ်တုံးချင်စီယူပြီး ဂျုံမှုန့်ပန်းကန်ထဲ ထည့်နယ်ပါ။

ပြီးရင်တော့ ဆီအိုးထဲ ဆီများများထည့်ပြီးသာ ကြော်ပေးပါ။

ကြော်ပြီးရင်တော့ ပန်းကန်ထဲခူးထည့်ပြီး ကိုယ်နှစ်သက်ရာအချဉ်နဲ့ တို့စားနိုင်ပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ KFC Style Popcorn Chicken ကို ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: www.deliciousday