အားလုံးပဲ မင်္ဂလာပါ။ မြန်မာလူမျိုးတွေက အကြော်စုံဆိုရင် ကြက်သွန်နီကိုလည်း အရသာရှိရှိကြော်စားတတ်ကြတဲ့လူမျိုးတွေပါ။ ဒီတစ်ခါမှာတော့ ကိုရီးယားလူမျိုးတွေရဲ့အဓိကအစားအစာတစ်ခုဖြစ်တဲ့ ကင်ချီကို အရသာရှိရှိဘယ်လိုကြော်စားမလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ကင်ချီ ပန်းကန်လုံးတစ်လုံးစာ
  • ကင်ချီအရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်နီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆား၊ သကြားနှင့် ဂျုံမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်စီ
  • ရေ စားပွဲတင်ဇွန်း တစ်ဇွန်းနှင့် ဆီအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဇလုံတစ်လုံးထဲတွင် ကင်ချီ၊ ကင်ချီအရည်၊ ကြက်သွန်နီ၊ ဆား၊ သကြား၊ ဂျုံမှုန့်နှင့် ရေတို့ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ကာ အပူပေးလိုက်ပါ။

၃။ ကင်ချီအနှစ်များကို ဒယ်အိုးထဲထည့်ပြီး စက်ဝိုင်းပုံသဏ္ဍာန်ဖြန့်ကျက်လိုက်ပါ။

၄။ တစ်မိနစ်၊ နှစ်မိနစ်ခန့် ကြော်ပေးရပါမယ်။ ကင်ချီပန်ကိတ်လေး ရွှေညိုရောင်ပြောင်းသွားပါက ဇွန်းအသုံးပြုပြီး အခြားတစ်ဖက်သို့ လှန်ပေးလိုက်ပါ။ ထိုအခြမ်းကိုလည်း ၁ မိနစ်၊ ၂ မိနစ်ခန့် ဆက်ကြော်ပေးရပါမယ်။

ရရှိလာတဲ့ ကင်ချီပန်ကိတ်ကို ပန်းကန်ပြားထဲပြောင်းထည့်ကာ အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: maangchi.com