အားလုံးပဲ မင်္ဂလာပါ။ ဟင်းရည် ပူပူစပ်စပ်ကလေးကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ တို့ဖူး အမဲသား ဟင်းရည်စပ်စပ်ကလေးပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အသင့်စားကိုရီးယားတို့ဖူးပျော့ တစ်ထုပ် (သို့) ရိုးရိုးတို့ဖူး ၁၂ အောင်စ
  • ပါးပါးလှီးထားသော ကင်ချီ ပန်းကန်လုံး သုံးပုံတစ်ပုံခန့်

  • အမဲသား (သို့) ဝက်သား ၃ အောင်စ
  • ငရုတ်သီး အကျက်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ရေ တစ်ခွက်

  • ကင်ချီအရည် စားပွဲတင်ဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်းခန့်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ကြက်သွန်မြိတ် တစ်ခု (ပါးပါးလှီးဖြတ်ထားပါ)
  • ကြက်ဥ ၁ လုံး (မထည့်လည်းရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

အမဲသား (သို့) ဝက်သားများကို အနေတော် အတုံးတုံးပါ။ ထို့နောက် တည်မယ့်အိုးထဲသို့ အသား၊ ကင်ချီ၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူ၊ နှမ်းဆီတို့ထည့်ပြီး အလယ်အလတ်မီးအပူချိန်နဲ့ တည်ထားပါ။

အသားကျက်တဲ့အချိန်အထိ ၃ မိနစ် (သို့) ၄ မိနစ်ခန့် အဆက်မပြတ်မွှေပေးပါ။

ရေတစ်ခွက်ထည့်ပြီး ကင်ချီအရည်ပါ ထည့်လိုက်ပါ။ ၃ မိနစ်၊ ၄မိနစ်ခန့် ဆူအောင်တည်လိုက်ပါ။ ပွက်ပွက်ဆူလာပြီးတဲ့အခါ ဝေ့တက်နေတဲ့ဆီများကို ဇွန်းနဲ့ အခုလိုပဲ ဖယ်ထုတ်လိုက်ပါ။

အတုံးခပ်ကြီးကြီးတုံးထားတဲ့ တို့ဖူးကို အိုးထဲထည့်လိုက်ပါ။ ဆားနဲ့ ငရုတ်ကောင်းထည့်ပြီး အရသာ အပေါ့အငန်မြည်းကြည့်ပါ။ မီးဖိုပေါ်က ချခါနီးမှာ ပါးပါးလှီးဖြတ်ထားတဲ့ ကြက်သွန်မြိတ်များထည့်လိုက်ပါ။

တကယ်လို့ ကြက်ဥကြိုက်ပါက မီးဖိုပေါ်ကချချချင်း အိုးပူနေတုန်းမှာပဲ ကြက်ဥဖောက်ထည့်လိုက်ပါ။

နောက်ဆုံးမှာတော့ ကိုရီးယားဟင်းလျာတစ်မျိုးဖြစ်တဲ့ တို့ဖူးအသားဟင်းရည် စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။

Source: www.koreanbapsang.com