အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားတဲ့အခါ ဟင်းရည်ပူပူစပ်စပ်လေးကို အားရပါးရသောက်ချလိုက်ရမယ်ဆိုရင်ဖြင့် ထမင်းစားရတာ အရသာပိုမြိန်မှာပဲဖြစ်ပါတယ်။ ဘယ်လိုဟင်းရည်လုပ်သောက်ရမလဲဆိုတာ စဉ်းစားမရဖြစ်နေတယ်ဆိုရင်တော့ တူနာငါး ကင်ချီဟင်းရည်လေး လုပ်သောက်ကြည့်လိုက်ပါ။

ပါဝင်ပစ္စည်းများ

  • တူနာငါးစည်သွပ်ဘူး ၁ ဘူး (သို့) ၂ ဘူး
  • အသင့်လုပ် ကင်ချီ ၁ ပေါင်ခန့် (အနေတော် လှီးဖြတ်ထားပါ)
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ပဲပြား ၈ အောင်စခန့်
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဖွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးထဲသို့ ကင်ချီ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ငရုတ်သီးမှုန့်၊ နှမ်းဆီနှင့် ရေကို အိုးအပြည့်ထည့်ကာ အဖုံးအုပ်ထားလိုက်ပါ။ မီးပြင်းပြင်းနဲ့ ၂၅ မိနစ်ခန့် တည်လိုက်ပါ။

၂။ အိုးထဲသို့ တူနာငါးနှင့် ပဲပြားတုံးများထည့်ပြီး ၅ မိနစ်ခန့် ထပ်တည်လိုက်ပါ။

၃။ ၅ မိနစ်ပြည့်တဲ့အခါ အရသာ အပေါ့အငန်မြည်းကြည့်လိုက်ပါ။ မီးပိတ်ခါနီးကျမှ ကြက်သွန်မြိတ်များ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ တူနာငါး ကင်ချီဟင်းရည် ပူပူစပ်စပ်လေးကို ထမင်းစားတဲ့အခါ အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: maangchi.com