အားလုံးပဲ မင်္ဂလာပါ။ ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါ ဝေမျှပေးချင်တဲ့ချက်ပြုတ်နည်းကတော့ ပဲပင်ပေါက် ကင်ချီအသား ထမင်းပေါင်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန် နို့ဆီဘူး ၂ လုံးနှင့် ရေအနည်းငယ်
  • ပဲပင်ပေါက် ၁ ပေါင်
  • အမဲသား (သို့) ဝက်သား ၆ အောင်စ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ဆန်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကင်ချီအရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ကင်ချီ ပန်းကန်လုံး ၁ လုံးစာ (လက်မဝက်အထူ လှီးဖြတ်ထားပါ)

ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရ်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဆန်ကို ရေဆေးပြီးနောက် ထမင်းပေါင်းအိုးထဲထည့်ကာ သင့်လျော်သော ရေပမာဏကို ချိန်ထည့်ထားပါ။

ပဲပင်ပေါက်ကိုလည်း ရေဆေးထားပါ။

၂။ အမဲသား (သို့) ဝက်သားကို အတုံးသေးသေး လှီးထားပြီးနောက် ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ဆန်ဝိုင်၊ နှမ်းဆီတို့ဖြင့် သမအောင် ရောနယ်ထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ကင်ချီထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့်ကြော်ပါ။ ထို့နောက် ကင်ချီအရည်နှင့် အသားများထည့်ပြီး ၂ မိနစ်ခန့် မွှေကြော်ပါ။ (အသားကို ကျက်အောင် ကြော်ဖို့ မလိုပါဘူး)

၄။ ထို့နောက် အဆင်သင့် ရေစိမ်ထားပြီးသား ဆန်ပေါ်သို့ ပဲပင်ပေါက်များ ဖြန့်ထည့်လိုက်ပါ။ ပဲပင်ပေါက်ပေါ်တွင်တော့ စောစောက ကင်ချီအသားကြော်များ ဖြန့်ထည့်လိုက်ပါ။ ပြီးရင်တော့ ပုံမှန်ထမင်းချက်သလိုပဲ ထမင်းတစ်အိုးကျက်စာ ထည့်ချက်လိုက်ရုံပါပဲ။

၅။ ထမင်းချက်နေတုန်းမှာ ဆော့စ် ပြင်ထားလို့ရပါတယ်။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပဲငံပြာရည်၊ နှမ်းဆီ၊ ငရုတ်သီးမှုန့်၊ နှမ်းစေ့၊ ကြက်သွန်ဖြူ၊ သကြားနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ သမအောင် ရောမွှေထားပါ။

၆။ ထမင်းအိုး ကျက်သွားတဲ့အခါ ထမင်းနဲ့ ပဲပင်ပေါက်၊ ကင်ချီအသားကြော်တို့ကို နှံ့စပ်သွားအောင် ဖွဖွလေး မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲပင်ပေါက် ကင်ချီထမင်းပေါင်းလေး ရရှိသွားပါပြီ။ စောစောက စပ်ထားတဲ့ ဆော့စ်လေးနဲ့ အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါတယ်။

Source: Koreanbapsang.com