အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ အမဲနံရိုးကင်ကို အရသာရှိအောင် ဘယ်လိုဆော့စ်မျိုးနဲ့ နှပ်ထားသင့်လဲ။ ဘယ်လို ကင်သင့်သလဲဆိုတာကို MyFood Myanmar ရဲ့စာဖတ်ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲနံရိုး ၁ ပေါင်ခန့်
  • ပန်းသီး ၁ လုံး
  • နှစ်လက်မအရှည် ဂျင်းတုံး ၁ တုံး
  • ကြက်သွန်ဖြူ ၃ မြွှာ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၈ ဇွန်း

  • သကြားညို စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဆန် ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • လှော်ပြီးသား နှမ်းစေ့ လက်တစ်ဆုပ်စာခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းသီးကို အတုံးသေးသေး ပြုလုပ်ထားပြီးနောက် သစ်သီးဖျော်စက်ထဲသို့ ထည့်ထားလိုက်ပါ။ ထို့နောက် ဂျင်း၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ သကြားညို၊ ဆန်ရှာလကာရည်နှင့် နှမ်းဆီတို့ထည့်ကာ ဖျော်စက်ဖြင့် သမအောင် မွှေပေးလိုက်ပါ။

၂။ ရရှိလာတဲ့ ဆော့စ်အနှစ်များကို အလုံပိတ်အိတ်ထဲထည့်ထားပြီးနောက် အမဲနံရိုးများထည့်ထားလိုက်ပါ။ ထို့နောက် အိတ်ကို လုံအောင် ပိတ်ထားပြီးနောက် ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၄ နာရီမှ ၈ နာရီ၊ ၁၀ နာရီခန့်အထိ ထည့်ထားလိုက်ပါ။

၃။ ကင်ခါနီးမှာ အကင်မီးဖိုကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။ အမဲနံရိုး နှပ်ထားသော အိတ်ထဲက အရည်များကို သေချာစစ်ထုတ်ပြီးနောက် အမဲရိုးများကို အကင်မီးဖိုပေါ်တွင် ၄ မိနစ်ခန့် ကင်ထားလိုက်ပါ။ အခြားတစ်ဖက်သို့ လှန်ကာ နောက်ထပ် ၄ မိနစ်ခန့် ထပ်ကင်ပေးရပါမယ်။

၄။ ကင်ပြီးသွားပြီဆိုရင်တော့ ပန်းကန်ပြားထဲပြောင်းထည့်ကာ ၅ မိနစ်ခန့် စောင့်ပါ။ ပြီးမှ အမဲနံရိုးများကို ကတ်ကြေးဖြင့် ၂ လက်မအရှည်ခန့် လှီးဖြတ်ပေးလိုက်ပါ။

ကြက်သွန်မြိတ်၊ နှမ်းစေ့တို့ ဖြူးထည့်ကာ အလှဆင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲနံရိုးကင်လေးကို သုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com