အားလုံးပဲ မင်္ဂလာပါ။ အခုချိန်မှာဆိုရင် ကိုရီးယားရိုးရာယဉ်ကျေးမှုတွေ၊ အစားအသောက်တွေက နေရာအနှံ့မှာ လွှမ်းမိုးနေတာကို မြင်တွေ့ကြရမှာပါ။ ရုပ်ရှင်ကားတွေထဲမှာ သူတို့အစားအသောက်စားနေကြတဲ့အချိန်ဆိုရင် ကိုယ်ပါ အပြင်မှာ လိုက်ပြီးမြည်းစမ်းချင်ကြတာ အစားအသောက်ချစ်သူတွေရဲ့ သဘာဝပါနော်။

ဒါဆိုရင် ထမင်းစားပြီးတိုင်း အချိုပွဲအမြဲတည်းလေ့ရှိသူများအတွက် ကိုရီးယားစတိုင်လ် ကန်စွန်းဥအချိုကြော်လေးကို မိတ်ဆက်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကန်စွန်းဥ – ၅၀၀ ဂရမ်
  • ဆီ
  • အခွံမာသီး (သို့) နှမ်းစေ့ (လှော်ပြီးသား) – အနည်းငယ်
  • သကြား – စားပွဲတင်ဇွန်း ၃ ဇွန်း

ပြင်ဆင်ပြုလုပ်ပုံအဆင့်ဆင့်

၁။ ကန်စွန်းဥတွေကို ရေဆေး၊ အခွံခွာပြီးတော့ မထူမပါး အတုံးလေးတွေဖြစ်အောင် လှီးလိုက်ပါ။ အစေးဓာတ်ပျောက်သွားအောင် ရေအေးအေးထဲမှာ မိနစ် ၃၀ လောက်စိမ်ပေးပါ။

၂။ မိနစ် ၃၀ ပြည့်သွားပြီဆိုရင် ရေစစ်လိုက်ပြီးတော့ မီးဖိုချောင်သုံးစက္ကူနဲ့ လိုက်သုတ်ပေးလိုက်ပါ။

၃။ ကန်စွန်းဥတွေကြော်ရန်အတွက် ဒယ်အိုးကြီးကြီးတစ်လုံးထဲကို ဆီများများထည့်ပြီး အပူပေးပါ။ ဆီတွေပွက်ပွက်ဆူလာပြီဆိုရင် ကန်စွန်းဥတွေထည့်လိုက်ပြီး အားလုံးကျက်သွားတဲ့အထိ ၅ မိနစ်မှ ၈ မိနစ်အထိ ကြော်ပေးပါ။

၄။ ကန်စွန်းဥတွေကျက်သွားပြီဆိုရင် ဆီစုတ်စေရန်အတွက် မီးဖိုချောင်သုံးစက္ကူခင်းထားတဲ့ ပန်းကန်ထဲကိုထည့်ပေးလိုက်ပါ။

၅။ ကန်စွန်းဥတွေကို ခဏဘေးဖယ်ထားလိုက်ပြီး နောက်ထပ်ဒယ်အိုးပြားတစ်ခုထဲကို ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်လိုက်ပြီး ပူလာပြီဆိုရင် သကြားတွေထည့်ပါ။ မီးအနေတော်မှာ သကြားတွေပျော်အောင်ထားလိုက်ပြီး ပျော်သွားပြီဆိုရင် မီးကိုလျော့ချလိုက်ပါ။ ထို့နောက် ကန်စွန်းဥတွေရောထည့်ပြီးတော့ ၁ မိနစ်မှ ၂ မိနစ်အထိ သေချာနှံ့အောင်မွှေပေးပါ။

၆။ ကန်စွန်းဥတွေကို မီးဖိုချောင်သုံးစက္ကူပေါ် ပြောင်းထည့်လိုက်ာ ၅ မိနစ်လောက် အအေးခံလိုက်ပါ။ မပူတော့ဘူးဆိုရင်တော့ အပေါ်က နှမ်းလေးတွေဖြစ်ဖြစ်၊ အခွံမာစေ့လေးတွေဖြစ်ဖြစ် ဖြူးပြီးတော့ အရသာရှိရှိ သုံးဆောင်းနိုင်ပြီဖြစ်ပါတယ်။

Source: mykoreankitchen.com

By MyFood Myanmar