ကိုယ်ခံအားနည်းပြီး နာမကျန်းဖြစ်တဲ့အချိန်မှာ မာတဲ့အစားအစာတွေထက် ဝါးစားစရာမလိုဘဲ အာဟာရဖြစ်စေတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။ ကုန်ခမ်းသွားတဲ့အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့အတွက်ဆိုရင်တော့ ကြက်သားဆန်ပြုတ်က အကောင်းဆုံးအစားအစာပဲဖြစ်ပါတယ်။

ကြက်သားဆန်ပြုတ်ကို ကိုရီးယားစတိုင်လ် ဘယ်လိုချက်ပြုတ်နိုင်သလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပြုတ်ရည် ၁ လီတာခွဲ
  • ကြက်သား ၂၅၀ ဂရမ် (ပြုတ်ထားပြီး အသားနွှင်ထားပါ။ ဆား၊ ကြက်သွန်ဖြူ၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ထားပါ)
  • မုန်လာဥနီ ၁ လုံး
  • တရုတ်နံနံ ၁ ပင်
  • မှို ၄ ပွင့်

  • ဆန် နို့ဆီဘူး တစ်လုံး
  • နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် နှမ်းစေ့အနည်းငယ်
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဆန်ကို ရေထဲတွင် တစ်နာရီခန့် စိမ်ထားပါ။ တစ်နာရီပြည့်ပါက ရေထဲမှ ဆယ်ယူထားပါ။

၂။ မှို၊ မုန်လာဥနီနှင့် တရုတ်နံနံတို့ကို နုပ်နုပ်စဉ်းထားပါ။

၃။ အိုးကို အပူပေးပြီး နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ဆန်ထည့်ပြီး မိနစ်အနည်းငယ်ခန့် မွှေပေးလိုက်ပါ။

၄။ ကြက်ပြုတ်ရည်ကို အိုးထဲထည့်ပြီး မိနစ် ၂၀၊ ၂၅ မိနစ်ခန့် တည်ထားလိုက်ပါ။ ဆန်များ ကျက်သွားသည်အထိ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ အိုးမကပ်ဖို့ရန်အတွက် ဇွန်းဖြင့် အဆက်မပြတ်မွှေပေးဖို့လည်း လိုပါတယ်။

၅။ ထမင်းများ ပျော့အိသွားပါက မုန်လာဥနီ၊ တရုတ်နံနံနှင့် မှိုတို့ထည့်ပြီး ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် တည်ထားလိုက်ပါ။ ကြက်ပြုတ်ရည်ရဲ့ ရေအချိန်အဆကိုလည်း မိမိအကြိုက်ပေါ်မူတည်ပြီး ထပ်ထည့်နိုင်ပါတယ်။

၆။ ကြက်သားက ပြုတ်ပြီးသားဖြစ်တဲ့အတွက် အိုးပေါ်က ချခါနီးကျမှ နွှင်ထားသော ကြက်သားများကို ဆန်ပြုတ်အိုးထဲ ပစ်ထည့်လိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

ထိုအဆင့် (၆) ဆင့်စလုံး ပြီးသွားပြီဆိုရင်တော့ အရသာလည်းရှိပြီး အာဟာရလည်းပြည့်ဝတဲ့ ကိုရီးယား ကြက်သားဆန်ပြုတ်လေး ရရှိသွားပါပြီ။

Source: Koreanbapsang.com