အားလုံးပဲ မင်္ဂလာပါ။ အသားကင် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ တုတ်ထိုးအသားကင် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် ၉၀၀ ဂရမ် (၂ ပေါင်ခန့်)
  • ကြက်သွန်မြိတ် ၁၀ အောင်စခန့်
  • ဝိုင်နီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ဆီအနည်းငယ်
  • ခရမ်းချဉ်သီးဆော့စ် (သို့) ငရုတ်သီးဆော့စ်နှင့် တုတ်ထိုးပြုလုပ်ရန် ဝါးတုတ်ချောင်းများ

(ကြက်သားအစား အမဲသား သို့မဟုတ် ဝက်သား စသည်ဖြင့် မိမိကြိုက်နှစ်သက်သလို ကင်စားနိုင်သလို ကြက်သွန်မြိတ်အစား ရုံးပတီသီးကိုလည်း အစားထိုး အသုံးပြုနိုင်ပါတယ်။)

ပြုလုပ်နည်းအဆင့်ဆင့်

ဝါးချောင်းများကို ရေနွေးပူထဲတွင် မိနစ် ၃၀ ခန့် ပြုတ်ထားလိုက်ပါ။

ကြက်ပေါင်ကို အရေခွံနှင့် အရိုးများဖယ်ရှားကာ ခပ်သေးသေးအတုံးများ တုံးထားလိုက်ပါ။ ကြက်သားတုံးများကို ပန်းကန်လုံးအကြီးတစ်လုံးထဲထည့်ကာ ဝိုင်နီ၊ ဆားနှင့် ငရုတ်ကောင်းတို့ဖြင့် သမအောင် ရောနယ်လိုက်ပါ။ အသားထဲသို့ ဟင်းခပ်မှုန့်နှင့် ဝိုင်နီများ စိမ့်ဝင်သွားဖို့ရန်အတွက် ၅ မိနစ်ခန့် ထားထားလိုက်ပါ။

စိမ်ထားသော ဝါးချောင်းများ အချိန်ပြည့်သွားပါက ဆယ်ယူလိုက်ကာ အဝတ်စ သန့်သန့်လေးနဲ့ ရေခြောက်အောင် သုတ်လိုက်ပါ။ ထို့နောက် ကြက်သွန်မြိတ်နှင့် ကြက်သားတုံးများကို တုတ်ချောင်းထဲသို့ တစ်လှည့်စီထိုးသွင်းလိုက်ပါ။

အကင်မီးဖိုကို အပူပေးပြီးနောက် ဆီသုတ်လိမ်းလိုက်ပါ။ ပြီးတဲ့အခါ ကြက်သားကင်အချောင်းများကို မီးဖိုပေါ်တင်ကာ ကင်ပေးလိုက်ပါ။ ၃ မိနစ် ပြည့်တဲ့အခါ တုတ်ချောင်းကို တစ်ဖက်သို့ လှန်ပါ။ ထို့နောက် ကြက်သားကင်ပေါ်သို့ ဆော့စ်များ သုတ်လိမ်းကာ ၂ မိနစ်ခန့် ထပ်ကင်ပါ။ အခြားတစ်ဖက်ကိုလည်း ထိုနည်းအတိုင်း ဆော့စ်သုတ်လိမ်းကာ ကင်ပေးရပါမယ်။

ကြက်သားများ သေချာကျက်သွားပြီဆိုပါက ပန်းကန်ပြားထဲ ပြောင်းထည့်ကာ အအေးနဲ့ တွဲဖက်ပြီး အရသာရှိရှိသုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: mykoreankitchen.com