သူငယ်ချင်းတို့ ဗိုက်စာနေရင် ကိုရီးယား ခေါက်ဆွဲအေး Korea Cold Noodles (Naengmyeon) လေးလုပ်စားကြရအောင်။
ကိုရီးယား ခေါက်ဆွဲအေးမှာ ၂ – မျိုး ရှိပါတယ်။ အရည်နှင့်စားတဲ့ Mul Naengmyeon နဲ့ ငရုပ်ဆီနှင့်စားတဲ့ ခေါက်ဆွဲသုပ် Bibim Naengmyeon ဆိုပြီး နှစ်မျိုးရှိပါတယ်။ အခု ကျွန်တော်ပြောမှာက ခေါက်ဆွဲသုပ် Bibim Naengmyeon ပါ။ Bibim Naengmyeon သုပ်စားရင် အဓိက ကတော့ သူ့ထဲ ထည့်တဲ့ ငရုပ်ဆီဆော့ပါပဲ။ ငရုပ်ဆီဆော့ပြု လုပ်နည်းလေး ကြည့်ကြရအောင်။
ပါဝင်ပစ္စည်းများ
- ကြက်သွန်နီ အလတ် – ၁ လုံး
- ကိုရီးယား ငရုပ်သီးအနှစ် – ၂ ဇွန်း (စားပွဲတင်ဇွန်း)
- ရှာလကာရည် – ၁ ဇွန်း (စားပွဲတင်ဇွန်း)
- သကြား – ဇွန်းဝက် (စားပွဲတင်ဇွန်း)
- နှမ်း – ၁ ဇွန်း (စားပွဲတင်ဇွန်း)
- ငရုပ်ကောင်းမှုန့် – ဇွန်း လေးပုံ တစ်ပုံ (စားပွဲတင်ဇွန်း)
- ဆား – ဇွန်းဝက် (လဖက်ရည်ဇွန်း)
- ကြက်သွန်ဖြူ – ၁ (လဖက်ရည်ဇွန်း)
- နှမ်းဆီ – ၄ ဇွန်း (လဖက်ရည်ဇွန်း)
ပြုလုပ်နည်း
(ငရုပ်ဆီ ပြုလုပ်နည်း)
- ကြက်သွန်နီ၊ ကိုရီးယား ငရုပ်သီးအနှစ်၊ ရှာလကာရည်၊ သကြား၊ နှမ်း၊ ငရုပ်ကောင်းမှုန့်၊ ဆား၊ ကြက်သွန်ဖြူ၊ နှမ်းဆီတို့ အားလုံးကို ရောပြီး အသုတ် သုပ်စားရန် အတွက် ငရုပ်ဆီ ပြုလုပ်ထားပါ။
- ပုံတွင် ပြထားသော ကိုရီးယားခေါက်ဆွဲကို ၅ မိန်, ၆ မိနစ်ကြာ ရေထည့်ပြုတ်ပါ။ ခေါက်ဆွဲနူးလာရင် ဇကာဖြင့် စစ်ပြီး ရေဆေး။ ထို့နောက် ရေခဲတုံးလေးတွေ ထည့်ပြီး ခေါက်ဆွဲကိုနယ်၍ ထပ်ဆေးပေးပါ။ ခေါက်ဆွဲအသားပိုနူးညံ့ပြီး။ အေးနေပါလိမ့်မယ်။ (အိမ်မှာ လုပ်စားတာကတော့ ကိုရီးယား ခေါက်ဆွဲ မရရင် ရိုးရိုးအသုတ် သုတ်စားတဲ့ ခေါက်ဆွဲ အဝါနှင့် သုပ်စားပါ။ အရသာတော့ ကွာပါတယ်။)
(ခေါက်ဆွဲသုပ်ရန်)
- ကြက်ဥ တစ်လုံး ပြုတ်ပြီး အခွံနွှာထားပါ။
- ဂျပန်သခွားသီးကို ပါးပါးလှီးထားပါ။
- သစ်တော်သီးကို အချောင်းပုံလေးတွေ ပါးပါးလှီးပါ။
- (ပုံမှာပြထားတဲ့ အတိုင်းပြင်ပါ) ပြုလုပ်ထားသော ငရုပ်ဆီဆော့ ထည့်ပြီး သုပ်စားနိုင်ပါပြီ ။
***မှတ်ချက် – ပုံမှာ ပြထားသည့်အတိုင်း ပြင်တဲ့အခါ ခေါက်ဆွဲရဲ့ အပေါ်မှာ ကင်ချီမတင်ပဲ ၊ မုန်လာဥအနီကို ပါးပါးလှီးပြီး တင်လည်း ရပါတယ်။ အရောင်အတွက်ပါ။ အရောင်စုံ လှအောင်လုပ်တဲ့ သဘောပါ။ ကိုယ်ကြိုက်တာ ထည့်စားပေါ့နော်။ ခြောက်နေရင် နှမ်းဆီလေး ဆမ်းပြီး သုပ်ပါ။
Credit: ဇွဲသုသု