ကြက်ကြော်ကြိုက်တဲ့သူတွေအတွက် အရသာအသစ်အဆန်းကို မြည်းစမ်းကြည့်လို့ရအောင် ဒီတစ်ခါမှာတော့ ကိုရီးယားစတိုင်လ် Sweet & Spicy Chicken ကြော်နည်းကို မျှဝေပေးလိုက်ပါ။

ကြက်ရင်အုံသား – ၃၅၀ ဂရမ်ကို တစ်လက်မအရွယ်လောက် အတုံးလေးတွေ လှီးပေးပါ။

ကြက်သားတွေလှီးပြီးရင် ပန်းကန်ထဲထည့်ပြီး ဆား – အနည်းငယ်၊ ဂျင်းအမှုန့် – အနည်းငယ်၊ နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဟင်းချက်ဝိုင် – စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ ငရုပ်ကောင်းမှုန့် – အနည်းငယ်တို့ကိုထည့်ပြီး သမအောင်နယ်ပေးပါ။ ပြီးရင်တော့ မိနစ် ၃၀ လောက် နှပ်ထားလိုက်ပါ။

ဆော့စ်အနှစ်လုပ်ဖို့အတွက် နောက်ထပ်ပန်းကန်လုံးထဲကို သကြား – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ငရုပ်သီးအရောင်တင်မှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြာညို့ – စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ၊ ခရုဆီဆော့စ် – စားပွဲတင်ဇွန်းတစ်ဝက်၊ Ketchup ဆော့စ် – စားပွဲတင်ဇွန်းတစ်ဝက်၊ ငရုပ်သီးဆီသပ်ထားတဲ့ဆီ – စားပွဲတင်ဇွန်း ၃ ဇွန်း၊ သကြားရည် – စားပွဲတင်ဇွန်း ၃ ဇွန်းတို့ကို ထည့်ပြီး သမအောင်နယ်လိုက်ပါ။

နောက်ထပ်ပန်းကန်လုံးထဲကို ဂျုံမှုန့် – ၂၀ ဂရမ်၊ ပြောင်းဂျုံ – ၂၀ ဂရမ်၊ ဆား – အနည်းငယ်၊ ဆန်မှုန့် – ၆၀ ဂရမ်၊ ရေ – ၁၀၀ မီလီလီတာထည့်ပြီး သမအောင်နယ်ပေးပါ။ နယ်ပြီးတာနဲ့ မှပ်ထားတဲ့ ကြက်သားတွေကို ထည့်နယ်ပါ။

နယ်ပြီးရင် ဆီအိုးထဲ တစ်တုံးချင်းထည့်ကြော်ပါမယ်။ ကြော်ပြီးရင် အပြင်ခူးထုတ်ထားပါ။

ဒယ်အိုးထဲကို ခုနကလုပ်ထားတဲ့ ဆော့စ်အနှစ်တွေထည့်ပြီး ပွက်ပွက်ဆူလာရင် ကြော်ထားတဲ့ကြက်သားတွေ ထည့်မွှေပေးပါ။ ငရုပ်သီးစိမ်းတစ်တောင့်လည်း ညှပ်ထည့်ပါမယ်။ ထောင်းထားတဲ့မြေပဲလေးတွေကိုလည်း ထည့်မွှေပါမယ်။ မြေပဲမကြိုက်ရင် မထည့်လည်းရပါတယ်။

သမအောင်မွှေပြီးရင်တော့ ပန်းကန်ထဲခူးထည့်ပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် Sweet & Spicy Chicken ကို ရရှိသွားပြီပဲဖြစ်ပါတယ်။