နေ့တစ်နေ့ကို အစပြုတဲ့အခါ အရေးကြီးဆုံးကတော့ မနက်စာပဲဖြစ်ပါတယ်။ မနက်စာကို မပျက်မကွက်စားသုံးမှသာလျှင် အားရှိမှာဖြစ်ပြီး တစ်နေ့တာလုံးမှာ အားအင်ပြည့်ဝကာ အလုပ်တာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ မနက်စာအဖြစ် စားသုံးနိုင်မယ့် ကြက်ဥပေါင်မုန့် မီးကင် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့် ၂ ချပ်
  • ကြက်ဥ ၁ လုံးနှင့် ဝက်သားပြား တစ်ဝက်ခန့်
  • မိရောနိစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြားအနည်းငယ်၊ ဆားအနည်းငယ်
  • ချိစ် တစ်ပြားနှင့် နံနံပင် အနည်းငယ် (မထည့်လည်း ရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

အရင်ဦးဆုံး Oven ကို ၁၈၀ ဒီဂရီဖြင့် မိနစ် ၂၀ ခန့် ကြိုတင်အပူပေးထားပါ။ ထိုမိနစ် ၂၀ အတောအတွင်းမှာ အခုဖော်ပြပေးမယ့် အဆင့်တွေကို တစ်ဆင့်ချင်းစီ ပြုလုပ်သွားပါ။

ပေါင်မုန့်တစ်ချပ်ပေါ်မှာ မိရောနိစ် သုတ်လိုက်ပါ။ (သင့်အနေနဲ့ ချိစ်ထည့်မယ်ဆိုပါက အဆိုပါချိစ်ပြားကို ထိုပေါင်မုန့်ချပ်ပေါ်မှာ တင်ထားလိုက်ပါ။

ကြက်ဥဖောက်ထည့်ဖို့ရန်အတွက် ဒုတိယပေါင်မုန့်ချပ်ရဲ့ အလယ်ဗဟိုတည့်တည့်ကို စက်ဝိုင်းပုံသဏ္ဍာန်ဖောက်လိုက်ပါ။ ထို့နောက် စောစောက မိရောနိစ် သုတ်ထားသော ပေါင်မုန့်ချပ်ပေါ် တင်လိုက်ပါ။

ပေါင်မုန့်ရဲ့ ဘေးအနားသားတစ်ဝိုက်မှာ မိရောနိစ်များ သုတ်လိုက်ပါ။ ပေါင်မုန့်ရဲ့ အဝိုင်းပေါက်နေရာမှာတော့ ကြက်ဥဖောက်ထည့်ကာ ဆား၊ သကြားနှင့် နံနံပင်ဖြူးထည့်လိုက်ပါ။

ထို့နောက် ဝက်သားပြားကို ခပ်သေးသေးလှီးဖြတ်ပြီးနောက် ပေါင်မုန့်ရဲ့ ထောင့်စွန်းတစ်ဖက်တစ်ချက်စီမှာ တင်ထားလိုက်ပါ။ (ဒီပုံကတော့ တီဗွီရှိုးတစ်ခုက ပြုလုပ်ပြထားတဲ့ ရိုးရှင်းတဲ့ ကိုရီးယားအလံပုံလေးပါ)

ကိုရီးယားအလံပုံစစ်စစ်ကို ပြုလုပ်ချင်တယ်ဆိုရင်တော့ ဝက်သားပြားကို ယခုလိုပဲ အသေးစိတ် ထပ်မံလှီးဖြတ်ပေးရပါမယ်။ ပိုလျှံနေတဲ့ ဝက်သားပြားကို ပေါင်မုန့်နှစ်ချပ်ကြားထဲ ထည့်ထားလို့ရပါတယ်။

ထိုအဆင့်တွေ အားလုံးပြီးသွားပြီဆိုရင်တော့ Oven ထဲထည့်ကာ မိနစ် ၂၀ ခန့် ထည့်ကင်လိုက်လို့ရပါတယ်။ တကယ်လို့ သင်က ကြက်ဥ မကျက်တကျက်လေးပဲ စားချင်တာဆိုရင်တော့ ၁၅ မိနစ်ခန့်ပဲ ထည့်ထားလိုက်ပါ။

နောက်ဆုံးမှာတော့ မနက်စာ ကြက်ဥပေါင်မုန့်မီးကင်ကို ကော်ဖီနဲ့ပဲဖြစ်ဖြစ် အအေးနဲ့ပဲဖြစ်ဖြစ် နွားနို့ပူပူလေးနဲ့ပဲဖြစ်ဖြစ် သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: mykoreankitchen.com