ကိုရီးယားလူမျိုးများ နှစ်နှစ်ခြိုက်ခြိုက်စားသုံးနေကြတဲ့ သရေစာမုန့်တစ်ခုကတော့ ထော့ပိုကီပဲဖြစ်ပါတယ်။ ကိုရီးယားကားတွေထဲမှာ ထော့ပိုကီကို မြိန်ရေယှက်ရေ စားသောက်နေကြတဲ့ ဇာတ်ဝင်ခန်းပါလာရင် စာဖတ်သူ Foodies လေးတို့လည်း သွားရေတမြှားမြှား ကျကြရတယ်မလား။

ကိုရီးယားအစားအစာ ကြိုက်နှစ်သက်ကြတဲ့ Foodies လေးတွေအတွက် ဒီတစ်ခါမှာတော့ လွယ်ကူရိုးရှင်းတဲ့ တုတ်ထိုး ထော့ပိုကီပြုလုပ်နည်းလေးကို ဝေမျှပေးလိုက်ချင်ပါတယ်။

အဓိက ပါဝင်ပစ္စည်းများ

Source: foodgal.com

  • ထော့ပိုကီ ၃၂ ခု
  • ဟင်းချက်ဆီ အနည်းငယ်
  • အမှုန့်ဖြစ်အောင် ထောင်းထားသော မြေပဲမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ၂ ဇွန်းခန့်

အစပ်စားချင်သူများအတွက် အစပ်ဆော့စ်ပြုလုပ်ရန် လိုအပ်သည့် ပါဝင်ပစ္စည်း

  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်
  • သကြားညို လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ခရမ်းချဉ်သီးဆော့စ် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် တစ်ဝက်
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

အချိုစားချင်သူများနှင့် ကလေးများအတွက် အချိုဆော့စ်ပြုလုပ်ရန် လိုအပ်သည့် ပါဝင်ပစ္စည်းများ

  • ပျားရည် စားပွဲတင်ဇွန်း တစ်ဝက်
  • ပဲငံပြရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

အချဉ်ဆော့စ်ဖော်စပ်ရန်လိုအပ်သည့် ပါဝင်ပစ္စည်း ၇ မျိုး (သို့မဟုတ်) အချိုဆော့စ် ပြုလုပ်ရန် လိုအပ်သည့် ပါဝင်ပစ္စည်း ၄ မျိုးတို့ကို အိုးတစ်လုံးထဲထည့်ကာ စက္ကန့် ၃၀ ခန့် အပူပေးရပါမယ်။ အိုးမကပ်ဖို့အတွက် အဆက်မပြတ် မွှေပေးဖို့လိုအပ်ပါတယ်။

ထော့ပိုကီများ နူးအိသွားဖို့ရန်အတွက် ပွက်ပွက်ဆူနေသော ရေနွေးပူထဲတွင် စက္ကန့် ၃၀ ခန့် ထည့်ပြုတ်လိုက်ပါ။ ထို့နောက် ရေနွေးပူများကို ဖယ်ရှားလိုက်ကာ ရေအေးအေးလေးဖြင့် ထပ်မံဆေးကြောလိုက်ပါ။ ပြီးရင် အဝတ်စသန့်သန့်လေးနဲ့ ထော့ပိုကီများကို အခြောက်ခံလိုက်ပါ။

ထို့နောက် ထော့ပိုကီများကို တုတ်ချောင်းထဲထိုးထည့်လိုက်ပါ။ သင့် ဒယ်အိုးအကြီးအသေးပေါ် မူတည်ပြီး ထော့ပိုကီချောင်းရဲ့ အရှည်ကလည်း အပြောင်းအလဲဖြစ်သွားပါလိမ့်မယ်။

ဒယ်အိုးထဲသို့ ဆီထည့်ပြီးနောက် ထော့ပိုကီချောင်းများကို ထည့်ကာ တစ်ဖက် တစ်မိနစ်စီ ကြော်ပေးလိုက်ပါ။

တစ်မိနစ်ပြည့်တဲ့အခါ အိုးထဲက ဆယ်ယူပြီးနောက် ဆော့စ်သုတ်လိမ်းပြီးတော့ပဲဖြစ်ဖြစ် ဆော့စ်များအားလုံး လောင်းချလိုက်ပြီးတော့ပဲဖြစ်ဖြစ် ပြုလုပ်လိုက်ပါ။

နောက်ဆုံးမှာတော့ နှမ်းစေ့များ ဖြူးကာ အရသာရှိရှိသုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: mykoreankitchen.com