မင်္ဂလာပါ။ ကိုရီးယားအစားအစာချစ်သူများအတွက် နောက်ထပ်ဟင်းလျာလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ ပင်လယ်စာအစုံအလင်ပါဝင်ပြီး အရသာကလည်း အစပ်ဆိုတော့ ရှူးရှူးရှဲရှဲဖြစ်နေပြီး စားတဲ့အချိန်တိုင်း ချွေးသံရွှဲရွှဲဖြစ်နေမှာပါ။ ဒါပေမယ့်လည်း ခံတွင်းအလွန်မြိန်မှာဖြစ်လို့ တစ်ခါတစ်ခေါက်တော့ ချက်ကြည့်လိုက်ပါအုံးနော်။

ပါဝင်ပစ္စည်းများ

  • မုန်လာဥဖြူ
  • မုန်လာဥနီ
  • ဇူကီနီ (Zucchini)
  • ပဲပင်ပေါက်အကြီး
  • ပဲပြား
  • ဂေါ်ဘီ
  • ကြက်သွန်ဖြူ
  • ငရုပ်သီးဆော့
  • ကိုရီးယား Seafood အမှုန်
  • ဟင်းခပ်မှုန့်
  • သကြား
  • ဆား

ချက်ပြုတ်နည်း

ချက်မည့်အိုးထဲသို့ ရေထည့်ပါ။ ရေပွက် လာပါက Seafood အခွံမာရှဲတွေ အရင်ထည့်ပြီး ရေနှင့် ပြုပ်ထားပါ။ ပဲပင်ပေါက် အကြီးထည့်ပါ။ (Soup တွေချက်ရင် ပဲပင်ပေါက် ခေါင်းအကြီးကို သုံးပါတယ်။)

ထို့နောက် ငရုပ်သီးဆော့ကို ဟင်းရည် အရောင်ကို ကြည့်ပြီး ထည့်ပါ။ ကိုရီးယား အရည်ဟင်းတိုင်းမှာထည့်သုံးလို့ရတဲ့ ငရုပ်သီးဆော့ ပြုလုပ်နည်း အရင်တစ်ခါက ကျွန်တော်ဖော်ပြဘူးပါတယ်။ (အခုအောက်က Comment box မှာ ပြန်ဖော်ပြထားပါတယ်။) Seafood Stwe ကိုအစပ်မကြိုက်လို့ အဖြူရောင် သက်သက် ချက်ချင်သူတွေ အတွက် ကတော့ ငရုပ်သီးဆော့ မလိုတော့ပါဘူး မထည့်ပါနဲ့။

ပြီးနောက် အသင့်လှီးထားသော မုန်လာဥဖြူ ၊ မုန်လာဥနီ ၊ ဂေါ်ဘီ၊ ဇူကီနီ တို့ကိုထည့်ပြီး ပင်လယ်စာ အပျော့များဖြစ်သော( ပြည်ကြီးငါး၊ ပုဇွန်၊ ဂဏန်း၊ ရေပိုဝဲ ) ကိုယ်ကြိုက်ရာ ပင်လယ်စာ အားလုံးတို့အား ထည့်ပါ။

တို့ဖူးကို အတုံးလေးတွေ ဖြစ်အောင် လှီးထည့်ပါ။

ကြက်သွန်ဖြူ ကြိတ်ပြီးသား အနည်းငယ်ထည့်၊ ဟင်းခပ်မှုန့် ၊ သကြားအနည်းငယ်၊ ကိုရီးယား Seafood မှုန့် အနည်းငယ်ထည့် (မရှိလဲမထည့်နဲ့) ၊ ဟင်းခပ်မှုန့်၊ ဆား နဲ့ ပဲချက် အရသာမြည်းပြီး အဆင်သင့်သောက်လို့ရပါပြီ။

မှတ်ချက်။ ။ Seafood Stew အစပ်ချက်လျှင် ငရုပ်သီးဆော့ထည့်။ ငရုပ်သီး တစ်တောင့်လောက် ပါးပါးလှီးထည့် စပ်စပ်လေး သောက်လို့ ရပါတယ် ။ အဖြူ ရောင်ချက်ရင်တော့ မထည့်နဲ့ပေါ့။ Seafoodကို အခွံမာတွေ ဖြစ်တဲ့ ခရုတွေ ၊ ရှဲတွေကို အရင်ထည့်ပြုပ် ထားလို့ရပေ မဲ့ အပျော့တွေဖြစ်တဲ့ ပြည်ကြီးငါး ၊ ပုဇွန်၊ ရေပိုဝဲ တို့ကို အကြာကြီး ထည့်မပြုပ်ပါနဲ့ အရသာပျက်ပါတယ်။ နောက်ဆုံးမှသာ ထည့်ပါ ။အနံ့မွှေးမွှေးလေး ကြိုက်ရင်တော့ ရှောက်ရွက် ပါးပါးလှီး ထည့်ပါ။ (Korea တွေကတော့ မသုံးပါဘူး)

Credit: ဇွဲသုသု