ကိုရီးယား ရုပ်ရှင်တွေမှာ အထိမ်းအမှတ်နေ့တွေဆို ချက်သောက်ကြတဲ့ ရေညှိ ဟင်းချိုလေး လုပ်သောက်ကြည့်ရအောင်။

မွေးနေ့ ဟင်းချိုလို့လည်း ခေါ်ကြ

ကိုရီးယားမှာဆိုရင် ရေညှိဟင်းချိုကို မွေးနေ့ ဟင်းချိုလို့လည်း ခေါ်ကြပါတယ်။

အမျိုးသမီး တစ်ယောက် ကလေးမွေးဖွားပြီးတဲ့အချိန်မှာ အာဟာရမျိုးစုံပါဝင်တဲ့ ရေညှိဟင်းချိုက ပြန်လည် ကျန်းမာလာဖို့ အထောက်အကူပြုပြီး နို့ထွက်လည်းကောင်းတာကြောင့် မွေးဖွားပြီးရင် သောက်လေ့ရှိတာကနေ မွေးနေ့၊ အထိမ်းအမှတ်တွေမှာ သောက်လေ့ရှိတဲ့ ဟင်းချိုဖြစ်သွားပါတယ်။

ပါဝင်ပစ္စည်းများ

  • ကိုရီးယား ရေညှိ ခြောက် ၁၅ ဂရမ်
  • အမဲသား သို့ အသား အတုံးလေးတွေ ၁၂၀ ဂရမ်
  • ပင်လယ်ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ ၄ ပုံ ၁ပုံ(ရိုးရိုးဆား အသုံးပြုလည်းရ)
  • ငရုတ်ကောင်းအမည်း

  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ

ပြုလုပ်နည်း

ကိုရီးယား ရေညှိကို ရေအေးထဲမှာ ၅ မိနစ်ကနေ ၁၀ မိနစ်လောက် စိမ်လိုက်ပါ။ ရေကို သွန်လိုက်ပြီး ရေညှိကို ရေပိုက်ခေါင်းအောက်မှာ ခဏခဏ ဆေးပေးပါ။ ရေညှိကို ညှစ်ပြီး ရေစစ်လိုက်ပါ။ ရေညှိတွေက ရှည်နေရင် ကတ်ကြေးနဲ့ ညှပ်ပေးပါ။

အသားကို ဆားနဲ့ငရုတ်ကောင်းတို့နဲ့ နယ်ပြီး ခွက်တစ်လုံးထဲ ထားထားပါ။

အိုးတစ်လုံးကို မီးအလယ်အလတ်အပူချိန်နဲ့ပေးပါ။ နှမ်းဆီ၊ ရေညှိ နဲ့ အသားတို့ကိုထည့်ပါ။ သေချာ မွှေပြီး ၂ မိနစ်လောက်ထားပြီး အသားကို ကျက်အောင်လုပ်ပါ။ ပဲငံပြာရည်၊ ကြက်သွန်ဖြူနဲ့ရေတို့ကိုထည့်ပါ။ အိုးကို အဖုံးပြန်ပိတ်လိုက်ပြီး မီး အလယ်အလတ်နဲ့ အပူပေးပါ။ ဆားလိုရင် ထပ်ထည့်ပါ။

ပူနေတဲ့အချိန်မှာ ထမင်းပူပူလေးနဲ့ ကင်မ်ချီတို့လို တခြား ကိုရီးယား အရံဟင်းတွေနဲ့ စားလို့ရပါတယ်နော်။

Photos Credit: KoreaKitchen