Hot Dogs လို့ခေါ်တဲ့ သွားရေစာမုန့်ကို အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ ဒီတစ်ခါဝေမျှပေးချင်တဲ့အစားအစာကလည်း သွားရေစာမုန့်ပါပဲ။ Hot Dogs မဟုတ်တဲ့ Corn Dogs သွားရေစာမုန့်ပါ။

ထိုအစားအစာက ကိုရီးယားနိုင်ငံ နာမည်ကြီးလမ်းဘေးဆိုင်တွေမှာ လူကြိုက်များတဲ့ လမ်းဘေးအစားအစာတစ်မျိုးဖြစ်ပါတယ်။။ သူက ချိစ်အချောင်းကို အဓိကထားပြီး အခြားသောမုန့်နှစ်များနဲ့ ပေါင်မုန့်ပုံသဏ္ဍာန် လုံးနေအောင်ပြုလုပ်ထားကာ ကြော်ထားတဲ့ နာမည်ကြီးမုန့်တစ်မျိုးပါပဲ။

Foodies လေးတို့လည်း ကိုယ့်အိမ်မှာ ကိုယ်တိုင်ကိုယ်ကျလုပ်စားနိုင်အောင် MyFood Myanmar ကနေ ချိစ် Corn Dogs ပြုလုပ်နည်းကို ဝေမျှပေးလိုက်တယ်နော်။

ပါဝင်ပစ္စည်းများ

Source: Wisconsincheesemart.com

  • ချိစ်ချောင်း ၇ ချောင်း၊ ၈ ချောင်းခန့်
  • ပေါင်မုန့်အကြေအစများ ၁၂၀ ဂရမ်
  • ဆီ
  • သကြား ၆၀ ဂရမ်
  • ခရမ်းချဉ်သီး Ketchup

မုန့်နှစ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၁၂၀ ဂရမ်နှင့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ဥ ၁ လုံး
  • နွားနို့အေး ၁၉၀ မီလီလီတာခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါ၊ ဆားနှင့် သကြားတို့ကို ပန်းကန်လုံးတစ်လုံးထဲထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၂။ ကြက်ဥနှင့် နို့အေးတို့ထည့်ပြီး မုန့်နှစ်ဖြစ်သွားအောင် မွှေခလောက်ပေးလိုက်ပါ။

၃။ ရရှိလာတဲ့မုန့်နှစ်ကို ဖန်ခွက်ထဲထည့်ပြီးနောက် ရေခဲသေတ္တာထဲ အအေးခံထားလိုက်ပါ။

၄။ ချိစ်ချောင်း တစ်ချောင်းချင်းစီကို တုတ်ချောင်းဖြင့် ထိုးထားလိုက်ပါ။ ထို့နောက် ဂျုံမှုန့်ဖြင့် ကပ်ပေးလိုက်ပြီးနောက် ရေခဲသေတ္တာထဲတွင် ၅ မိနစ်၊ ၁၀ မိနစ်ခန့် ခဲသွားအောင် အအေးခံထားလိုက်ပါ။ (ဒီအဆင့်က အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ ချိစ်ချောင်းက ခဲမနေဘူးဆိုရင် ဆီထဲ ထည့်ကြော်လိုက်တဲ့အခါ ချိစ်တွေ အရည်ပျော်သွားပါလိမ့်မယ်။)

၅။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ချိစ်ချောင်းလည်း ခဲသွားပြီ မုန့်နှစ်လည်း အတော်အသင့် အေးသွားပြီဆိုရင်တော့ ရေခဲသေတ္တာထဲက ထုတ်လိုက်ပါ။ ထို့နောက် ချိစ်ချောင်း တစ်ချောင်းကို မုန့်နှစ်ထဲ ထည့်နှစ်လိုက်ပါ။

၆။ ပြီးရင်တော့ ပေါင်မုန့်အကြေအစများဖြင့် ကပ်ပေးပြီးနောက် ဆီပူထဲတွင် ထည့်ကြော်လိုက်ပါ။ ၅ မိနစ်ခန့်ကြော်ပြီးတဲ့အခါမှာတော့ မုန့်နှစ်က ရွှေညိုရောင် ပြောင်းသွားပါလိမ့်မယ်။ ထိုအခါ ဒယ်အိုးထဲမှ ဆယ်ယူပြီး ဆီစစ်ထားလိုက်ပါ။ (ကျန်ရှိနေသော ချိစ်ချောင်းများကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပေးရပါမယ်။)

၇။ ချိစ်က အေးသွားပြီဆိုရင်တော့ သကြားအနည်းငယ် ဖြူးပါ။ Ketchup ဆမ်းပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချိစ် Corn Dogs ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီ။

Source : Seonkyounglongest.com