အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ တန်ပူရာကြော် ကြိုက်နှစ်သက်သူများအတွက် ဝက်သားအစာသွပ် ငရုတ်သီးကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၁၀ အောင်စ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • မုန်လာဥနီ ၁ လုံး (အချောင်းလိုက် နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်မြိတ် ၁ ပင် (နုပ်နုပ်စဉ်းထားပါ)
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီနှင့် သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံစီ
  • ငရုတ်သီးတောင့် အကြီး ၁၃ တောင့်ခန့်
  • တန်ပူရာအမှုန့် ပန်းကန်လုံး ၂ လုံးစာနှင့် စားပွဲတင်ဇွန်း ၄ ဇွန်း (စုစုပေါင်း စားပွဲတင်ဇွန်း ၃၆ ဇွန်း)
  • ရေ စားပွဲတင်ဇွန်း ၂၀ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဝက်သား၊ ကြက်သွန်ဖြူ၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ပြောင်းမှုန့်၊ နှမ်းဆီနှင့် သကြားတို့ကို သမအောင် နယ်ထားလိုက်ပါ။

၂။ ငရုတ်သီးကို အလယ်တည့်တည့်မှ အလျားလိုက် အပေါက်ဖောက်လိုက်ပါ။ ထို့နောက် အထဲမှ ငရုတ်စေ့များကို လက်ဖက်ရည်ဇွန်းဖြင့် အသာအယာခပ်ထုတ်လိုက်ပါ။ ထို့နောက် ငရုတ်သီးတောင့်ကို ရေအေးဖြင့် ဆေးကြောလိုက်ပါ။

၃။ အစေ့ထုတ်ပြီးသော ငရုတ်သီးတောင့်များကို တန်ပူရာမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်းဖြင့် ငရုတ်သီးတောင့် အတွင်းရော အပြင်ပါ ကပ်သွားအောင် ပြုလုပ်ပေးလိုက်ပါ။

၄။ ထို့နောက် ဝက်သားအစာသွပ် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ၂ ဇွန်းခန့်ကို ငရုတ်သီးတောင့်ထဲ ထည့်သိပ်ထားလိုက်ပါ။

၅။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ထားပါ။

၆။ ပန်းကန်လုံးတစ်လုံးတွင် ကျန်ရှိနေသော တန်ပူရာအမှုန့်နှင့် ရေကို သမအောင် ရောနှောပေးလိုက်ပါ။ မုန့်နှစ်များ ဖြစ်သွားသည်အထိ မွှေခလောက်ပေးလိုက်ပါ။ ဝက်သားအစာသွပ် ငရုတ်သီးတောင့်ကို ထိုတန်ပူရာမှုန့်နှစ်ထဲ နှစ်ပြီးနောက် ဆီပူထဲ ထည့်ကြော်လိုက်ပါ။

၇။ ငါးမိနစ်၊ ခြောက်မိနစ်ခန့် ကြော်ပြီးသွားတဲ့အခါ ရွှေရောင်ဝင်းနေတဲ့ ဝက်သားအစာသွပ် ငရုတ်သီးကြော်လေး ဖြစ်သွားပါပြီ။

ပန်းကန်ပြားထဲ ဆယ်ထည့်ထားလိုက်ပါ။ အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

စာဖတ်သူအနေနဲ့ ဝက်သားအစာသွပ် မကြိုက်ဘူးဆိုရင်တော့ ဝက်သားအစား အမဲသား (သို့) ကြက်သား စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။

Source: Seonkyounglongest.com