ကြက်ခြေထောက် အစပ်ကို ကိုရီးယား အမျိုးသား ၊ အမျိုးသမီး မရွေးအလွန် ကြိုက်နှစ်သက် ကြပါတယ်။  အရက်၊ ဘီယာ၊ ကိုရီးယား ဆိုဂျူ တို့နှင့်အတူ စားသောက် ကြပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ခြေထောက် – ၁၂ ချောင်း
  • နာနတ်ပွင့် – ၂ ခု (အပွင့်သေး)
  • သစ်ဂျပိုးခေါက် – ၁ ခု (အသေး)
  • ခရမ်းချဉ်သီးဆော့စ် – ဇွန်းဝက် (စားပွဲတင်ဇွန်း)
  • ကိုရီးယားငရုပ်အနှစ် – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ခရုဆီ – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • သကြား – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ကြက်သွန်ဖြူ – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ပဲငံပြာရည် အကျဲ – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ငရုပ်သီးခြောက် – ၂ တောင့် (အသေး)
  • ဆာကေး (Sake) – ၂ ဇွန်း (စားပွဲတင်ဇွန်း)

ပြုလုပ်နည်း

  1. ကြက်ခြေထောက်များ၏ ထိပ်မှ ခြေသည်းလေးများ အားလုံးကို ဖြတ်ပါ။ ဇလုံ တစ်ခုထဲတွင် ရေအနည်းငယ် ၊ ရှာလကာရည်အနည်းငယ် ထည့်ကာ ကြက်ခြေထောက် များကို သန့်စင်နေအောင် ပွတ်တိုက်၍ ဆေးပါ ။
  2. မီးဖိုပေါ်တွင် ရေနွေး တည်ထားပြီး ရေပွက်လာပါက ဆားအနည်းငယ်မျှ ထည့်၍ ကြက်ခြေထောက်များကို ၂ မိနစ်ခန့် ထည့်ပြုတ်ပါ။ ထို့နောက် ဇကာဖြင့် စစ်ကာ သွန်ထုတ်ပြီး ရေအေးဖြင့်ဆေးကာ ရေစစ်ထားပါ ။
  3. ထိုသို့ ပြုလုပ်မှသာ ကြက်ခြေထောက်များ သန့်စင်ကာ အနံ့အသက်မွှေးပြီး အရသာရှိပါသည်။ ချက်မည့် အိုးထဲသို့ ပါဝင်ပစ္စည်းများ အားလုံး ထည့်ပါ ။ ရေစစ်ထားသည့် ကြက်ခြေထောက်များကို ထည့်ကာ သမအောင် ရောနယ်ပါ ။
  4. ထို့နောက် ကြက်ခြေထောက်များ ရေမြုပ်ရုံထည့်ပြီး ၁၅ မိနစ်ခန့် အိုးအဖုံး မပိတ်ပဲ တည်ထားရပါမည်။ ကြက်ခြေထောက်များကို အရမ်း နူးအိပြီး အရိုးအဆစ်များ ပြုတ်သည်ထိ မတည်ရပါဘူး။
  5. အနေတော်နူးအိပြီး ဆော့အနှစ်နဲ့ကြက်ခြေထောက်များ ကပ်နေသည့် ခပ်ပျစ်ပျစ် ဖြစ်လာပါက မီးပိတ်ချပြီး ပန်းကန်ထဲသို့ ထည့်ကာ ပလက်စတစ် လက်အိပ်စွတ်၍ အသင့် စားသုံးနိုင်ပါပြီ ။

** တစ်ပွဲစာ (ကြက်ခြေထောက် ၁၂ ချောင်း) ချက်နည်း ဖြစ်ပါသည် ။ အစပ်ကြိုက်ပါက ငရုပ်သီးခြောက် ပိုထည့် နိုင်ပါသည် ။ ဆာကေး (Sake) ဂျပန်အရက် မရှိပါက ဆန်ဝိုင် (Rice Wine) ထည့်လို့ရပါသည်။

ကျေးဇူးတင်ပါသည်။

Credit: ဇွဲသုသု

Featured Image Source: kenh14.vn