အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဘယ်တော့မှ ရိုးမသွားတဲ့ ဝက်နံရိုး အာလူးဟင်းကို ကိုရီးယားစတိုင်လ်လေး ချက်စားကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

• ဝက်နံရိုး တစ်ပေါင်
• အာလူး အကြီးဆိုဒ် ၂ လုံး (တစ်လက်မ အရွယ် ကုဗတုံးပုံသဏ္ဍာန် လှီးဖြတ်ထားပါ)
• ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်း
• ရေ ၅၀၀ မီလီလီတာ
• ပဲငံပြာရည် စားပွဲတင်ဇွန်း နှစ်ဇွန်းနှင့် ကြက်သွန်မြိတ် နှစ်ပင် (ပါးပါးလှီးထားပါ)

ဝက်သား နယ်ရန်အတွက် လိုအပ်သောဟင်းခပ်မှုန့်များ

• ပါးပါးလှီးထားသော ဂျင်း ၄ ပြားခန့်
• ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလှီးထားပါ)
• ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်း
• ဆားနှင့် သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်စီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်နံရိုးများကို အနေတော်အတုံး တုံးထားပါ။ ထို့နောက် ဇလုံတစ်လုံးထဲသို့ ထည့်ထားလိုက်ပါ။ ထိုဝက်နံရိုးဇလုံထဲသို့ ဂျင်း ၄ ပြား၊ ကြက်သွန်ဖြူ၊ ဟင်းသီးဟင်းရွက်ဆီ၊ ဆားနှင့် သကြားတို့ထည့်ပြီး နယ်ထားလိုက်ပါ။ အသားထဲသို့ တဖြည်းဖြည်းစိမ့်ဝင်သွားဖို့ရန်အတွက် ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဝက်နံရိုးများကို ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ ဝက်နံရိုးများ ရွှေညိုရောင်ပြောင်းသွားပါက ရေ ၅၀၀ မီလီလီတာကို အိုးထဲသို့ ထည့်လိုက်ပါ။ ပဲငံပြာရည်ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ မီးအပူချိန်ကို မြှင့်လိုက်ပြီး ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၄။ ဟင်းအိုးဆူလာပါက အိုးအဖုံးဖွင့်ပြီး ၁၀ မိနစ်ခန့် ဆက်တည်ထားပါ။ ပြီးမှ အာလူးတုံးများ ထည့်ပြီး အဖုံးဖွင့်လျက်သားဖြင့် ၁၅ မိနစ်ခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၅။ အာလူးများ နူးအိသွားပါက ဝက်နံရိုး အာလူးများကို ပန်းကန်ထဲပြောင်းထည့်လိုက်ပြီး ကြက်သွန်မြိတ်များကို အပေါ်မှ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် ဝက်နံရိုး အာလူးဟင်းလေး ရရှိသွားပါပြီ။

Source: Spicetheplate.com