ကိုရီးယားစာကြိုက်တဲ့သူတွေနဲ့ ကြက်သားကို ကြော်စားလိုက်၊ ဟင်းချက်စားလိုက်နဲ့ ရိုးနေသူများအတွက် ထမင်းနဲ့လည်း စားလို့ကောင်း၊ ဒီတိုင်းစားမယ်ဆိုလည်း စားလို့အရမ်းကောင်းတဲ့ ကိုရီးယားစတိုင်လ် Tomato Chicken Stew ချက်နည်းကို မျှဝေပေးလိုက်ပါတယ်။

ကြက်သွန်မြိတ် အနည်းငယ်ကို နုတ်နုတ်ဆင်းထားပါ။ ကြက်သွန်နီ အလုံးကြီးတစ်လုံးကိုလည်း နုတ်နုတ်ဆင်းထားပါ။

ခရမ်းချဉ်သီးကတော့ ချယ်ရီခရမ်းချဉ်သီး သေးသေးလေးတွေ ၈ လုံးကို တစ်ခြမ်း ခြမ်းပေးပါ။ ချယ်ရီခရမ်းချဉ်သီးမရှိလည်း ရိုးရိုးခရမ်းချဉ်သီး သုံးနိုင်ပါတယ်။

ကြက်ရင်ဖုံ ၂ ခုကို အတုံးသေးသေးလေးတွေ တုံးပြီး နုတ်နုတ်ဆင်းပါမယ်။

နုတ်နုတ်ဆင်းပြီးရင် ခုနက နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်မြိတ်နဲ့ ကြက်သွန်နီထည့်ပြီး ဆား – အနည်းငယ်၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်၊ ဂျင်းအမှုန့် – အနည်းငယ်၊ ဂျုံမှုန့် – စားပွဲတင်ဇွန်းတစ်ဇွန်း၊ ထည့်ပြီး သမအောင်နယ်ပါ။

နယ်ပြီးရင် အနေတော်အလုံးလေးတွေဖြစ်အောင် လက်နဲ့လုံးပေးပါ။

ဒယ်အိုးထဲကို ဆီ – အနည်းငယ်ထည့်ပြီး လုံးထားတာတွေကို ထည့်ကြော်ပါမယ်။ အရမ်းကြွပ်သွားအောင် ကြော်စရာမလိုပါဘူး ပျော့ပျော့လေးပဲ ပုံမှာပြထားသလောက် အနေလေးပဲ ကြော်ပေးပါ။ ကြော်ပြီးရင် ပန်းကန်ထဲ ခူးထုတ်ထားပါ။

ဒယ်အိုးထဲကို ထောပတ် – စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပြီး ထောပတ်အရည်ပျော်သွားမှ ကြက်သွန်ဖြူ တစ်တက်ကို နုတ်နုတ်ဆင်းပြီး ထည့်မွှေပါ။

Tomato spaghetti sauce – စားပွဲတင်ဇွန်း ၁၂ ဇွန်းစာထည့်ပါ။ ရေ – ၁၀၀ မီလီလီတာ ထည့်ပြီး မွှေပါ။

နည်းနည်းပွက်လာပြီဆိုရင် ကြော်ထားတဲ့ ကြက်သားလုံးလေးတွေ ထည့်ပါ။ လှီးထားတဲ့ ခရမ်းချဉ်သီးလေးတွေ ထည့်ပါ။ သမအောင်မွှေပြီး အဖုံးအုပ်ကာ ၂ မိနစ်လောက် တည်ထားလိုက်ပါ။

အချိန်ပြည့်ရင်တော့ ကြက်သားတုံးလေးတွေကို အရင်ဆယ်ထုတ်ပြီး ပန်းကန်ထဲထည့်ပါ။ ပြီးတော့မှ အနှစ်တွေကို အပေါ်ကနေဆမ်းပါ။ အပေါ်ကနေ ပူစီနံရွက်လေးတွေတင်ပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် Tomato Chicken Stew ကို ရရှိသွားပါပြီ။

Source:www.delicious day