အားလုံးပဲမင်္ဂလာပါရှင့်။ ကြေးအိုးက လူကြီးရော၊ လူငယ်ပါ ကြိုက်နှစ်သက်ကြတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ဒီတခါမှာတော့ ကြေးအိုးကို ပေါ့ပေါ့ပါးပါးနဲ့ရိုးရှင်းတဲ့ နည်းလမ်းလေးနဲ့ အိမ်မှာ လုပ်စားလို့ရအောင် မျှဝေပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • ကြက်ရိုးပြုတ်ရည် ၁ အိုး
  • ကြက်သား လုံး ၁၀ လုံး
  • ကြာဇံ (သို့) ဆန်ပြားခေါက်ဆွဲ
  • မုန်ညှင်းစိမ်း
  • ရွှေပဲသီး

  • မုန်လာဥနီ
  • ငုံးဥ
  • ငါးဖယ်လုံး
  • ဆား
  • ဟင်းခတ်မှုန့်အနည်းငယ်

  • သကြား
  • ကြက်သွန်ဖြူဆီချက်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဆော့စ်

ပြုလုပ်နည်း

အရင်ဆုံး ကြေးအိုးလုပ်ဖို့အတွက် ပါထမဆုံး ကြက်ရိုးပြုတ်ရည်လိုအပ်ပါတယ်။ ကြက်ရိုးပြုတ်ရည်ကို ဒီလိုလုပ်လို့ရပါတယ်နော်။

ကြက်ရိုးတွေကိုရေဆေးသန့်စင်ထားပါ။ အိုးတခုတွင်ရေဆူအောင် သည်ပြီးဆူပွက်လာရင် ကြက်ရိုးကိုထည့်ပြီး၂မိနစ်ခန့်တည်လိုက်ပါ။ သေချာမွှေပေးပြီးအရိုးတွေကိုဆယ်ယူလိုက်ပါ။

လူကြီး လူငယ်မရွေး နှစ်သက်ကြတဲ့ ကြေးအိုး

နောက်အိုးတခုထဲမှာ ကြက်ရိုးကိုရေနွေးလေးနဲ့ ဖျော်လိုက်ပြီး ထည့်လိုက်ပါ။ ရေ ထည့်ပါ။ ဂျင်းနည်းနည်းထည့်ပါ။ ဆူပွက်အောင်သည်ထားလိုက်ပြီး ဆူလာရင် မီးအေးအေးနဲ့ နူးနေအောင်ဆက်သည်ထားလိုက်ပါ။ အပေါ်ယံက အမြုပ်တွေကို ခပ်ထုတ်လိုက်ပါ။

ကြာဇံကို ၁ နာရီလောက်ရေစိမ်ထားပါ။ မုန်ညှင်း ရွှေပဲသီး၊ မုန်လာဥနီ၊ ငါးဖယ်လုံးတို့ကိုလှီးဖြတ်ထားပါ။ ငုံးဥကို ပြုတ်ထားလိုက်ပါ။ ကြက်သားကို နုတ်နုတ်စဉ်းလိုက်ပြီး ဆား၊ ဟင်းခတ်မှုန့်တို့ထည့်ကာ သေချာနယ်ပေးပြီး လုံးထားလိုက်ပါ။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ကြေးအိုးချက်ပါတော့မယ်။

ကြေးအိုးချက်ဖို့ အိုးသေးသေးတခုထဲမှာ ကြက်ရိုးပြုတ်ရည်တစ်ပွဲစာထည့်လိုက်ပါ။ ကြက်သားနှင့်ကြာဇံထည့်ပြီးတော့ ဆူပွက်အောင်သည်လိုက်ပါ။ ဆား၊သကြားနှင့်ဟင်းခပ်မှုန့်ထည့်ပါ။

ကြာဇံနူးလာရင် မုန်ညှင်း မုန်လာဥနဲ့ ရွှေပဲသီး၊ ငါးဖယ်လုံး၊ ငုံးငုတို့ ထည့်လိုက်ပြီး ပြုတ်လိုက်ပါ။ ဆန်ပြားနဲ့ စားချင်ရင် ဆန်ပြားခေါက်ဆွဲထည့်ပါ။ အရသာအပေါ့အငံ မြည်းကြည့်ပြီး ပန်းကန်ထဲထည့်လိုက်ပါ။ ကြက်သွန်ဖြူဆီချက်လေးဖြူး၊ ငရုတ်ကောင်းလေးဖြူးပြီးတော့ ဆော့လ်စ်နဲ့ ဆွဲဖက်သုံးဆောင်နိုင်ပါတယ်နော်။

By: MyFood Myanmar