အားလုံးပဲ မင်္ဂလာပါ။ ကြက်ကြော်ကြိုက်နှစ်သက်တဲ့ Foodies တွေအတွက် ဒီတစ်ခါမှာတော့ ကြက်ကြော်ကို ဂျုံမှုန့်နဲ့ အခြားမုန့်နှစ်တွေနဲ့ မကြော်ဘဲ အရသာတစ်မူထူးခြားသွားအောင် Coke အချိုရည်နဲ့ ကြော်ကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ ၆ ခု
  • Coke ၂၅၀ မီလီလီတာ
  • သံပုယိုသီး ၁ လုံး
  • ဂျင်းအနည်းငယ်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း နှစ်ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်တောင်ပံများကို ပန်းကန်လုံးအကြီးတစ်လုံးထဲထည့်ပြီးနောက် ပဲငံပြာရည်၊ နှမ်းဆီ၊ သကြား၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် ရောနယ်လိုက်ပါ။ ပါဝင်ပစ္စည်းများ အသားထဲသို့ စိမ့်ဝင်သွားဖို့အတွက် တစ်ညခန့် ရေခဲသေတ္တာထဲမှာ သိပ်ထားရပါမယ်။

၂။ သံပုယိုသီးရဲ့အခွံကို ခြစ်ချထားပါ။ ထို့နောက် သံပုယိုသီးကို အရည်ညှစ်လိုက်ပါ။ သံပုယိုသီး စားပွဲတင်ဇွန်း တစ်ဇွန်းခွဲစာခန့်ဆို ရပါပြီ။

၃။ ဂျင်းကို အနေတော်အတုံး တုံးထားလိုက်ပါ။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဂျင်းတုံးများကို အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုက်ပါ။

၄။ ထို့နောက် ဒယ်အိုးထဲသို့ ကြက်တောင်ပံများ ထည့်ကြော်လိုက်ပါ။

ကြက်တောင်ပံ တစ်ခြမ်းစီးကို ၂ မိနစ်ကြော်ရပါမယ်။

၅။ ကြက်တောင်ပံများ ရွှေညိုရောင်ပြောင်းသွားပါက Coke အချိုရည် ၂၅၀ မီလီလီတာ၊ သံပုယိုသီးအခွံနှင့် သံပုယိုရည်များကို လောင်းထည့်ပြီး ကြော်ပေးလိုက်ပါ။ ကြော်နေစဉ်မှာ ဆီမစင်အောင် သတိထားဖို့တော့လိုပါမယ်။ ၁၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၆။ ၁၅ မိနစ်ပြည့်တဲ့အခါမှာတော့ အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ကြက်တောင်ပံကြော်လေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာ ဆော့စ်တစ်မျိုးမျိုးနဲ့ တို့စားနိုင်သလို အအေးတစ်မျိုးမျိုးနဲ့လည်း တွဲစားပါက အင်မတန်အရသာရှိပါတယ်။

Source: Kitchenbowl.com