ကိတ်မုန့်သား နူးနူးညံညံ့လေးနဲ့ စားလို့ကောင်းတဲ့ သံပုရာသီးရနံ့ ဘလူးဘယ်ရီကိတ် ပြုလုပ်နည်းကို ကိတ်မုန့်ဖုတ်ရတာ ဝါသနာပါသူများအတွက် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နွားနို့ စားပွဲတင်ဇွန်း ၈ ဇွန်း
  • သံပုရာသီး ၂ လုံး
  • ဂျုံမှုန့် ၂၄၀ ဂရမ်နှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • ဘလူးဘယ်ရီသီး ၁၀၀ ဂရမ်
  • ထောပတ် ၁ ခဲ (၁၁၃ ဂရမ်)
  • သကြား စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ကြက်ဥ ၂ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သံပုရာသီး အခွံကို ခြစ်ပြားဖြင့် ခြစ်ပါ (သို့) ဓားဖြင့် မွှန်းပါ။ ကျန်ရှိနေသော သံပုရာသီးကိုတော့ အရည်ညှစ်ထားပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် နွားနို့၊ သံပုရာခွံနှင့် သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို သမအောင် ရောမွှေပြီးနောက် ၁၀ မိနစ်ခန့် နှပ်ထားပါ။

၃။ ထိုကဲ့သို့ နှပ်ထားချိန်တွင် ပန်းကန်လုံးအကြီးတစ်လုံးထဲ၌ ဂျုံမှုန့် ၂၄၀ ဂရမ်၊ မုန့်ဖုတ်ဆိုဒါနှင့် ဆားတို့ကို သမအောင် ရောမွှေထားပါ။

ကျန်ရှိနေသော ဂျုံမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ဘလူးဘယ်ရီသီးပေါ်တွင် ဖြူးပြီးနောက် အနည်းငယ် လှုပ်ခါပေးလိုက်ပါ။

၄။ အခြားပန်းကန်လုံးထဲတွင် သကြားနှင့် ထောပတ်တို့ကို လျှပ်စစ်မွှေစက်ဖြင့် ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေလိုက်ပါ။

ထို့နောက် ကြက်ဥ ၁ လုံး ဖောက်ထည့်ကာ ထပ်မွှေပါ။ တစ်ဖန် ကျန်ကြက်ဥ ၁ လုံးထည့်ကာ ထပ်မွှေလိုက်ပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ ဂျုံမှုန့်အရောအနှော ၃ ပုံ ၁ ပုံခန့် လောင်းထည့်ကာ အရှိန်နှေးနှေးဖြင့် ထပ်မွှေပါ။

နွားနို့အရောအနှော တစ်ဝက်ခန့် လောင်းထည့်ကာ ထပ်မွှေပါ။ ကျန်ရှိနေသော ဂျုံမှုန့် တစ်ဝက်ခန့် ထည့်ကာ မွှေပါ။ ကျန်ရှိနေသော နွားနို့အားလုံး လောင်းထည့်ကာ မွှေပြီးတဲ့နောက်မှာ ဂျုံမှုန့်များ အားလုံး လောင်းထည့်ကာ နောက်ဆုံးတစ်ကြိမ် မွှေလိုက်ပါ။

၆။ ထို့နောက် ဂျုံမှုန့်ကပ်ထားသော ဘလူးဘယ်ရီသီးများ ထည့်ကာ ဇွန်းဖြင့် သမအောင် ရောနယ်လိုက်ပါ။

၇။ ကိတ်မုန့်ဖုတ်မှာဖြစ်တဲ့အတွက် Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

ဇောက်နက်သော ကိတ်မုန့်လင်ဗန်းကို ဆီစုပ်စက္ကူခံပြီးနောက် ဟင်းချက်စပရေးဖြင့် ဖြန်းထားပါ။

စောစောကနယ်ထားသော ဘလူးဘယ်ရီမုန့်နှစ်များကို လင်ဗန်းထဲသို့ လောင်းထည့်ပြီးနောက် မျက်နှာပြင်ကို ညီညာအောင် ညှိလိုက်ပါ။

၈။ ထို့နောက် Oven ထဲထည့်ကာ မိနစ် ၅၀ မှ မိနစ် ၆၀ ထိ ထည့်ဖုတ်လိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ Oven ထဲကထုတ်ပြီး ၁၀ မိနစ်ခန့် အအေးခံထားလိုက်ပါ။

နောက်ဆုံးမှာတော့ ကိတ်မုန့်သား နူးနူးအိအိလေးနဲ့ အရသာရှိတဲ့ သံပုရာရနံ့ ဘလူးဘယ်ရီကိတ်လေး ရရှိသွားပါပြီ။

Source: Onceuponachef.com