မျှစ်ချဉ်လေးတွေဟာဆိုရင် ဒီအတိုင်းချက်စားသည်ဖြစ်စေ၊ အခြားဟင်းအမယ်များဖြင့်တွဲဖက်ချက်ပြုတ်သည့်အခါများတွင်ဖြစ်စေ အချိန်အခါမရွေး အရသာရှိတာကြောင့် လူတိုင်းကြိုက်နှစ်သက်ကြပါတယ်။

ဒီတခါမှာလည်း တခြားဟင်းချက်ပစ္စည်းတွေနဲ့ တွဲဖက်ချက်ပြုတ်ပြီး စားသုံးရတာကို ရိုးလာသူများအတွက် အပြောင်းအလဲလေးဖြစ်သွားအောင် မျှစ်ချဉ်လေးသုပ်လေးပြင်ဆင်ချက်ပြုတ်ပုံကို ဖော်ပြပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • မျှစ်ချဉ်နုနု – အစိတ်သား
  • ခရမ်းချဉ်သီး – ၂ လုံး
  • ကြက်သွန်မိတ် – ၅ ပင်
  • ငရုတ်သီးစိမ်း – ၁၅ တောင့်
  • မြေပဲအကျက် – ငါးကျပ်သား

  • ကြက်သွန်ဖြူဥကြီး – အမြွာ ၃၀
  • နှမ်း – စတီးဇွန်းသေးနှစ်ဇွန်း
  • ဟင်းခတ်အချိုမှုန့်၊ ဆား  – အနည်းငယ်
  • ဆီ – ငါးကျပ်သား

ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်

ပထမဦးစွာ မျှစ်ချဉ်ကို အရှည်လိုက် အမြှောင်းလေးတွေဖြစ်အောင် ပါးပါးလှီး၍ ကျက်အောင်ပြုတ်ပေးပါ။

ထို့နောက် ခရမ်းချဉ်သီးကို ရေဆေးကာ ထက်ခြမ်းခြမ်းပြီး အစေ့ထုတ်ကာ ခပ်ပါးပါးလှီးပါ။

ကြက်သွန်မိတ်ကိုရေဆေး၍ လက်တစ်ဆစ်ခန့်ဖြတ်ပါ။ ငရုတ်သီးစိမ်းကို အညှာချွေ ရေဆေးကာ ပါးပါးလှီးပေးထားပါ။

မြေပဲကို မညက်တညက် ထောင်းထားပါ။ ကြက်သွန်ဖြူကို အခွံနွှာရေဆေးပြီး ဓားပြားရိုက်ကာ ဆီချက် ချက်ထားပေးရပါမယ်။

မျှစ်ချဉ်သုပ်ဖို့ရန်အတွက် အားလုံးပြင်ဆင်ပြီးပြီဆိုပါက ပန်းကန်တစ်ချပ်ထဲသို့ ကျက်အောင်ပြုတ်ထားသည့် မျှစ်ချဉ်၊ ခရမ်းချဉ်သီး၊ ကြက်သွန်မိတ်၊ ငရုတ်သီးစိမ်း၊ မြေပဲမှုန့်၊ နှမ်း၊ ဆီချက်၊ ဆားနှင့် ဟင်းခတ်အချိုမှုန့်တို့ကို ထည့်ပြီး သမအောင်နယ်ပေးပါ။

အရသာအတွက်ကတော့ အိမ်သားများစိတ်ကြိုက်နှင့်ထပ်တူကျပြီဆိုပါက ထမင်းမြိန်စေမည့် သက်သတ်လွတ် မျှစ်ချဉ်သုပ်ဟင်းတစ်ခွက်ကို အလွယ်တကူရရှိနိုင်ပါတယ်။