ကိုရီးယားကားတွေထဲမှာ မင်းသားနဲ့မင်းသမီးက တော့ပိုကီလေးစားလိုက် ဆိုဂျူလေးသောက်လိုက်နဲ့ တွေ့ဖူးကြမှာပါ။ တော့ပိုကီဟာ ကိုရီးယားနိုင်ငံရဲ့ အထင်ကရ သရေစာအဖြစ် နာမည်ရှိပြီးသား ဖြစ်ပါတယ်။ သူ့ရဲ့အရသာစစ်စစ်ကို  မြည်းစမ်းကြည့်ဖို့ဆိုရင်တော့ အောက်မှာပါတဲ့နည်းလေး လုပ်ကြည့်ရုံပါပဲ။

ပါဝင်ပစ္စည်းများ သတိပြုရန်မှာ တော့ပိုကီချောင်းများကို မပြုတ်လျှင် ဝါးရသည်မှာ စေးကပ်လွန်၍ စားမကောင်းပဲ ဖြစ်တတ်ပါတယ်ရှင်။

*tbs = Table Spoon (စားပွဲတင်ဇွန်းကြီး)

ပါဝင်ပစ္စည်းများ

  • တော့ပိုကီချောင်း – 200 g
  • ဟင်းချိုရည် – 3 Glasses
  • ငါးအသားချောင်း/ငါးအူချောင်း – 100 g
  • ကြက်အူချောင်း – 100 g
  • ကိုရီးယားငရုတ်နှစ် – ၄ ဇွန်း (လဖက်ရည်ဇွန်း)

Source: copymethat.com

  • ပဲငံပြာရည်အကြည် – ၁ ဇွန်း (လဖက်ရည်ဇွန်း)
  • သကြား – ၁ ဇွန်း (လဖက်ရည်ဇွန်း)
  • နှမ်း – 2 tbs
  • ကြက်သွန်မိတ်(လှီးပြီးသား) – ၁ ဇွန်း (လဖက်ရည်ဇွန်း)

ဟင်းချိုရည်အတွက် ပါဝင်ပစ္စည်းများ

  • ရေ – ၅ ခွက်
  • ရေညှိ – ၂ ချပ်
  • ကြက်သွန်ဖြူ – ၅ တက်
  • ဂျင်း – အနည်းငယ်
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်

Source: The Chalkboard Mag

  • ငါးနီတူခြောက် – 50 g
  • မုန်လာဥဖြူ
  • မှိုအမည်း – 25 g

ပြုလုပ်နည်း

ဟင်းချိုရည်ကို အရင်ဆုံးပြင်ဆင်ပါမယ်။

ငါးခြောက်များကို ခေါင်းခြွေ အူထုတ်ထားပါ။

မုန်လာဥနှင့် မှိုများကို အရွယ်တော် လှီးဖြတ်ပါ။

ဟင်းရည်တည်ရန် ပါဝင်ပစ္စည်းများ အားလုံးကို ထည့်ပါ။

ဟင်းရည်ဆူလာစေရန် မိနစ်သုံးဆယ်ခန့် တည်ပါ။ ဆူလာလျှင် အဖတ်များဆယ်၍ အရည်သက်သက် စစ်ထားပါ။

တော့ပိုကီလုပ်ရန် ပြင်ဆင်ပါမယ်။

တော့ပိုကီကို (Rice Cake) လို့ခေါ်ပါတယ်။ ငရုတ်နှစ် ဘူးက အနီရောင်လေးပါ။ Supermarket တွေမှာ အလွယ်ဝယ်လို့ရပါတယ်။

ငါးအသားချောင်း / ကြက်အူချောင်းများကို အနေတော် လှီးဖြတ်ထားပါ။

ရေကိုဆူအောင်တည်၍ တော့ပိုကီချောင်းများကို မိနစ်နှစ်ဆယ်ခန့်ပြုတ်ပေးပါ။

အခြား အိုးတစ်လုံးထဲ၌ အထက်ပါ ဟင်းချိုရည် ကိုရီးယားငရုတ်နှစ် ပဲငံပြာရည် သကြားတို့ကို ထည့်၍ ဆူအောင်တည်ပါ။ (အစပ်ကဲကဲ စားချင်ပါက ငရုတ်နှစ်ပိုထည့်နိုင်ပါတယ်)

ဟင်းရည်ဆူလျှင် ပြုတ်ထားသော တော့ပိုကီချောင်းများကိုထည့်ပါ။

အသားချောင်းများရောထည့်၍ ကျက်အောင် တည်ပါ။

ထို့နောက် ပန်းကန်ထဲထည့်၍ ကြက်သွန်မြိတ် နှမ်းတို့ဖြူးကာ သုံးဆောင်နိုင်ပါပြီရှင်။