ဒီအသုပ်လေးက ထိုင်းနည်းကို အခြေခံထားပြီး သုပ်ထားတာ ဖြစ်ပါတယ် ။ မြန်မာစတိုင်လ် သုပ်မယ်ဆိုရင် ဆီကျက်တွေ ပဲမှုန့် လိုပါမယ်။ အခုကျမ သုပ်ပြမယ့် နည်းလေးက ဆီမပါဘဲ အရသာရှိရှိ စားလို့ ရတဲ့အတွက် ဝိတ်ချခြင်တဲ့ သူတွေ ဆီရှောင် ချင်တဲ့သူတွေ အတွက်လည်း သင့်တော် ပါတယ်။ လုပ်ရတာလည်း လွယ်ကူ ရိုးရှင်းပါတယ်နော်။

လိုအပ်သောပစ္စည်းများ

  • မုန်လာဥနီ – ၂ ဥ
  • ဆလပ်ရွက် – ၅ ရွက်
  • ပုစွန်ခြောက် အနည်းငယ် – မြေပဲလှော်ပြီးသား အနည်းငယ်
  • နှမ်းလှော် – အနည်းငယ်
  • မန်ကျည်းမှည့် – အနည်းငယ်
  • ကြက်သွန်ဖြူ – ၂မွှာ
  • ငရုတ်သီးစိမ်း – ၅တောင့်
  • သကြား လက်ဖက်ရည်ဇွန်း – ၁ ဇွန်း
  • ယိုးဒယားငံပြာရည် – ထမင်းစားဇွန်း ၂ဇွန်း

ပြင်ဆင်နည်း

  1. ဆလပ်ရွက်များကို ရေဆေးပြီး ခပ်ထူထူလေး လှီးထားပါ။ မုန်လာဥနီများကို ရေဆေးအခွံခြစ်ပြီး အချောင်းရှည်များရအောင် ခြစ်ထားပါ။ ပုစွန်ခြောက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူများကို ညက်အောင်ထောင်းထားပါ။
  2. မန်ကျည်းမှည့်ကို ရေနွေးဖြင့် တစ်ခါဆေးချပြီး ရေနွေးပူပူဖြင့် ရောကာဖျော်ထားပါ။ မြေပဲလှော် ပြီးသားကို ကွဲရုံထောင်းထားပါ။ နှမ်းလှော်ပြီးသာကို ခပ်ကြမ်းကြမ်း ထောင်းထားပါ။
  3. ပန်းကန်လုံး ၁လုံးထဲကို ရေ မန်းကျည်းရည် ယိုးဒယားငံပြာရည် ၊ သကြား ၊ ပုစွန်ခြောက် ၊ ကြက်သွန်ဖြူ ထောင်းများကို မိမိစိတ်ကြိုက် အရသာ ရသည်အထိ ပြင်ဆင်ပြီး Sauce လုပ်ထားပါ။
  4. Sauce အရသာ အဆင်ပြေပြီဆိုတာနဲ့ ဇလုံခပ်ကြီးကြီး တစ်ခုထဲကို အပေါမှာပါတဲ့ အဆာပလာများ မုန်လာဥနီ ဆလပ်ရွက်များကို ထည့်ပြီး နှံ့အောင်နယ်ကာ စားသုံးလို့ ရပါပြီ ။
  5. ခရမ်းချဉ်သီး ခပ်မာမာလေးကို လေးစိတ်ခွဲထည့် ၊ စားရင်လည်း အရသာ ရှိပါတယ်။ ပဲသီးစိမ်း အရှည်တောင့်ကို ရေဆေးပြီး လက်၂ဆစ်ခန့် ပိုင်းဖြတ်ကာ ခပ်ကြမ်းကြမ်းထောင်း ထည့်ပြီး စားရင်လည်း စားလို့ကောင်းပါတယ်။

Credit: Warr Tee