အာလူးကြော်ကြိုက်တဲ့သူတွေအတွက် Potato Cheese Stick လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ဆိုင်တွေမှာ Potato Cheese Stick ဝယ်စားရင် ဈေးကြီးပေးရပြီး နည်းနည်းလေးပဲပါတာဆိုတော့ အိမ်မှာ ကိုယ်တိုင်လုပ်စားရင် စိတ်ကြိုက်စားလို့ရတာပေါ့။

ချိစ်ကြိုက်တဲ့သူတွေလည်း လုပ်စားကြည့်သင့်တယ်နော်။ အာလူးထဲမှာ ချိစ်ချောင်းလေးထည့်ပြီး ကြော်လိုက်ရုံပဲဆိုတော့ လုပ်ရတာလည်း အရမ်းလွယ်ပါတယ်။

Potato Cheese Stick လုပ်ဖို့အတွက် ပြုတ်ထားတဲ့ အာလူး – ၃ လုံးကို အတုံးသေးလေးတွေလှီးပြီး ပန်းကန်လုံးအကြီးထဲ ထည့်ပါ။ Sour Cream – ပန်းကန်လုံးအသေး တစ်ဝက်စာ၊ နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်မြိတ် – အနည်းငယ်၊ သေးသေးလေးတွေလှီးထားတဲ့ Bacon – အနည်းငယ်၊ ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ကိုထည့်ပြီး ချေပေးပါ။ ကျေသွားရင် သမသွားအောင်လည်း နည်းနည်းမွှေ (သို့) နယ်ပေးပါ။

အာလူးထဲထည့်ဖို့ ချိစ်အချောင်း (Cheddar Cheese) တွေလည်း ယူထားပါ။ ပြီးရင်တော့ နယ်ထားတဲ့အာလူးတွေကို စားပွဲတင်ဇွန်း တစ်ဇွန်းမောက်မောက်လေးယူပြီး လက်ထဲထည့်လုံးပါ။ လုံးပြီးရင် ချိစ်ချောင်း တစ်ချောင်းထည့်ပြီး လုံးလုံးရှည်ရှည်လေးဖြစ်အောင် လက်နဲ့ ပုံသွင်းပေးပါ။

ကြက်ဥ နှစ်လုံးဖောက်ထည့်ပြီး ခလောက်ထားတဲ့ပန်းကန်၊ ဂျုံမှုန့်ထည့်ထားတဲ့ ပန်းကန်နဲ့ bread crumbs ထည့်ထားတဲ့ ပန်းကန်တို့ကို တန်းစီထားပါ။ ပြီးတာနဲ့ ခုနက အာလူးထဲမှာ ချိစ်ချောင်းထည့်ပြီး လုံးထားတာတွေကို တစ်ခုချင်းစီယူပြီး ဂျုံမှုန့် ပန်းကန်ထဲထည့်သုတ်ပါ။ ပြီးရင် ကြက်ဥ ပန်းကန်ထဲထည့်စိမ်ပါ။ ပြီးရင် bread crumbs ပန်းကန်ထဲထည့်သုတ်ပါ။ ပြီးရင်တော့ ဆီအိုးထဲထည့်ကြော်လို့ရပါပြီ။

ကြော်ပြီးသွားရင်တော့ ပန်းကန်ထဲထည့်ပြီး ကိုယ်ကြိုက်နှစ်သက်ရာအချဉ်နဲ့ တို့စားလို့ရပါပြီ။ အဆာပြေ Snacks အနေနဲ့လည်း လုပ်စားလို့ရသလို New Year ညမှာလည်း မိသားစုတွေနဲ့အတူ လုပ်စားလို့ရတဲ့ Potato Cheese Stick ပါ။

Photo Source: www.tasty.com