ပန်းသီးစိမ်း အရသာလေးကို မက်ကရယ်ငါးနှင့် တွဲသုပ်တာလေးက တစ်မျိုးလေး စားကောင်းသလို လတ်ဆတ် လန်းဆန်းစေသော ခံစားမှုကို ရရှိစေပါတယ်။ သုပ်စားကြည့်လိုက်နော် . . . ။
ပါဝင်ပစ္စည်းများ
- မက်ကရယ်ငါးဘူး – ၁ ဘူး (ရေစစ်ထားပါ)
- ဆလတ်ရွက် – ၄ ရွက်
- ဂေါ်ဖီ – ခွက်တစ်ဝက် (ခပ်ပါးပါး လှီးထားပါ)
- သံပရာရည် – လိုသလောက်
- ပန်းသီးစိမ်း – ၁ ခြမ်း (ခြစ်ထားပါ အချောင်းလိုက်လေးတွေ)
- ကြက်သွန်နီ – ၁ လုံး ( အကွင်းလိုက်လေး ပါးပါးလှီးထားပါ)
- နံနံပင် – ၂ ပင် ( ခပ်ကြမ်းကြမ်းလှီးထားပါ)
- ငံပြာရည် – လက်ဖက်ရည်ဇွန်းတစ်ဝက်
- ငရုတ်သီးစိမ်း – ၃ တောင့် (ပါးပါးလှီးထားပါ)
- ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆား – အနည်းငယ်
ပြုလုပ်နည်း
- ဖန်ဇလုံအကြီးထဲ ဆလတ်ရွက်က လွဲလို့ ပါဝင် ပစ္စည်းများ အားလုံးထည့်ပြီး နှံ့အောင် ခပ်ဖွဖွ နယ်ပြီးလျှင် ဆားမြည်းပြီး အချဉ် အငန် အစပ် လိုတာထပ်ဖြည့်ပါ။
- စားသုံးရန် ပန်းကန်ထဲ ဆလတ်ရွက်ခင်းပြီး အပေါ်မှ ငါးသုပ်များထည့်ပြီး သုံးဆောင်ပါ။