အားလုံးပဲ မင်္ဂလာပါ။ MyFood Myanmar ရဲ့ အစားအသောက်ချစ်သူတို့အတွက် ဒီတစ်ခါမှာတော့ သံပုယိုသီးရဲ့ အချဉ်အရသာနဲ့ ထောပတ်ရဲ့အဆိမ့်အရသာတို့ ပေါင်းစပ်ထားတဲ့ ပုစွန်ကင်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၅၀၀ ဂရမ် (ရေဆေးပြီး အခွံခွာထားလိုက်ပါ)
  • ဝိုင်ဖြူ (သို့မဟုတ်) ကြက်ပြုတ်ရည် ၁၈၅ မီလီလီတာ
  • ထောပတ် စားပွဲတင်ဇွန်း ၅ ဇွန်းနှင့် သံပိုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

မုန့်အနှစ်ပြုလုပ်ရန်အတွက် လိုအပ်သောပစ္စည်းများ

  • ပေါင်မုန့် အကြေအစများ ပန်းကန်လုံး လေးပုံသုံးပုံခန့်
  • ချိစ် အနည်းငယ်
  • ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ

ချက်ပြုတ်ပြင်ဆင်ပြီးပါက အလှဆင်ရန်

  • သံပုယိုသီး တစ်ခြမ်း
  • နံနံပင်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၂၂၀ ဒီဂရီစင်တီဂရိတ်ဖြင့် ကြိုတင် အပူပေးထားပါ။

၂။ Oven ထဲထည့်မယ့် ဖန်လင်ဗန်းထဲသို့ ဝိုင်နှင့် ထောပတ်တို့ထည့်လိုက်ပါ။ ထို့နောက် Oven ထဲမှာ ၁၀ မိနစ်ခန့် ထည့်ထားလိုက်ပါ။

၃။ ပုစွန်များကို ကြက်သွန်ဖြူ၊ သံပုယိုရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ကျန်ရှိနေသော ထောပတ်ဖြင့် ရောနယ်လိုက်ပါ။

၄။ မုန့်အနှစ်ပြုလုပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်း လေးမျိုးစလုံးကို ရောနယ်ထားလိုက်ပါ။

၅။ Oven ထဲထည့်ထားသော လင်ဗန်းကို အပြင်ထုတ်ကာ နယ်ထားသော ပုစွန်များ ထည့်လိုက်ပါ။ ထို့နောက် နယ်ထားသော မုန့်နှစ်များကိုလည်း အပေါ်မှ ဖြူးထည့်လိုက်ပါ။ ပြီးရင်တော့ Oven ထဲမှာ ၁၂ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။

၆။ အချိန်ပြည့်ပါက Oven ထဲမှ ထုတ်ပြီး နံနံပင် ဖြူးထည့်လိုက်ပါ။ သံပုယိုသီးကို အနေတော် အတုံးလှီးဖြတ်ပြီးနောက် ပုစွန်များပေါ်တွင် အလှဆင်ကာ တင်ထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာချဉ်ချဉ်လေးနဲ့ ဆွေမျိုးမေ့သွားစေမယ့် ပုစွန်ကင်ကို မြည်းစမ်းစားသုံးနိုင်ပြီပဲဖြစ်ပါတယ်။

Source: Recipetineats.com