ခေါက်ဆွဲစားသုံးရသည်ကို ကြိုက်နှစ်သက်သူများအတွက် နောက်ထပ်ပုံစံတစ်မျိုးနှင့် မရိုးရအောင် ကောင်းမွန်လှတဲ့ မလေးရှားခေါက်ဆွဲကြော်ပဲဖြစ်ပါတယ်။ ပါဝင်ပစ္စည်းအမယ်မျိုးစုံပါဝင်ပြီး စားနေကြခေါက်ဆွဲကြော်များနှင့် တမူကွဲပြားခြားနားသည့်အရသာကို ပေးစွမ်းနိုင်မှာဖြစ်လို့ လိုက်လံလုပ်ဆောင်နိုင်ကြဖို့ ဖော်ပြပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

ခေါက်ဆွဲဖတ်အစို – တစ်ပိဿာ

ပုဇွန်အနေတော်အရွယ် – အစိတ်သား

ကင်းမွန်အသန့် – သုံးဆယ်သား

ဘဲဥ – သုံးလုံး

ပဲပင်ပေါက် – ဆယ့်ငါးကျပ်သား

ကြက်သွန်ဖြူ – နှစ်ကျပ်ခွဲသား

ဆား၊ သကြား၊ ငံပြာရည်အချို – အနည်းငယ်

ငရုတ်သီးအစိမ်းမှုန့် – စတီးဇွန်းသေးတစ်ဇွန်း

ကြက်သွန်မိတ် – ၅ ပင်

ကြက်သွန်နီ – ၇ ဥ

သခွားသီး – ၃ လုံး

ငရုပ်သီးစိမ်း – ၁၅ တောင့်

နံနံပင် – အနညးငယ်

သံပုရာရည် – လက်ဖက်ရည်ပန်းကန်တစ်ဝက်

ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်

ဦးစွာပထမအနေဖြင့် ညှပ်ခေါက်ဆွဲကို ဆား၊ သကြား၊ ငံပြာရည်အချိုတို့ဖြင့် သမအောင်နယ်ပေးပါ။ ပုဇွန်ကို ခေါင်းဖြုတ် အခွံခွာ၍ နောက်ဖက်မှချေးများကို ရေစင်အောင်ဆေးပြီး မညက်တညက်စဉ်းထားပေးကာ ကင်းမွန်ကိုလည်း ရေဆေး၍ပါးပါးလှီးပါ။ ဘဲဥကိုပန်းကန်ထဲထည့်ခွဲပြီး ပွနေအောင်ခေါက်ပါ။ ပဲပင်ပေါက်ကိုလည်း အခွံအမည်းလေးများ ရွေးထုတ်၍ရေဆေးပါ။ ကြက်သွန်ဖြူကို အခွံနွှာရေဆေးကာ ဓားပြားရိုက်ထားပါ။ ကြက်သွန်မိတ်ကို ရေဆေးပြီး လက်နှစ်ဆစ်အရွယ် ဖြတ်ထားပေးပါ။

ပြီးလျှင် ဒယ်အိုးထဲဆီထည့်ပြီး ပူလာပြီဆိုလျှင် ကြက်သွန်ဖြူနှင့်ငရုပ်သီးအစိမ်းမှုန့်ကို ထည့်ဆီသပ်ပါ။ ကြက်သွန်ဖြူအဝါရောင်သမ်းလာလျှင် ပုဇွန်၊ ကင်းမွန်၊ ပဲပင်ပေါက်၊ ကြက်သွန်မိတ်ကို ထည့်ပါ။ ပြီးလျှင် ငံပြာရည်၊ သကြားတို့ကို ထည့်၍သမအောင် မွှေပေးပြီး နှစ်မိနစ်ခန့်အဖုံးအုပ်တည်ပါ။ ပုဇွန်နှင့်ကင်းမွန်များ ကျက်သွားပြီဆိုပါက ပွနေအောင်ခေါက်ထားသည့် ဘဲဥကိုထည့်မွှေပြီးလျှင် ညှပ်ခေါက်ဆွဲဖတ်များကို ထည့်ကြော်ပါ။

အပေါ့အငံမြည်းပြီး မိနစ်နှစ်ဆယ်ခန့် ကြော်ပေးပြီးလျှင်တော့ အရသာအထူးကောင်းမွန်လှသည့် မလေးရှားခေါက်ဆွဲကြော်ကို ပူပူလေးသုံးဆောင်နိုင်ပါပြီ။