အားလုံးပဲ မင်္ဂလာပါ။ ကြက်သားချိုချို ချဉ်ချဉ်ဟင်းလျာလေးကို မြည်းစမ်းကြည့်ချင်သူများအတွက် ဒီတစ်ခါမှာတော့ သရက်သီးနဲ့ ရောချက်ထားတဲ့ ကြက်သားချိုချဉ်ဟင်းလျာ ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ပေါင်သား (သို့) ကြက်ရင်အုံသား ၂ ပေါင်
- နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ပဲလိပ်ပြာ (အစွန်းနှစ်ဖက်ကို လှီးဖြတ်ထားပါ)
- ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
- နှမ်းစေ့ အနည်းငယ်
- သရက်သီး ၂ လုံး (အခွံခွာပြီး လေးထောင့်အတုံးငယ် တုံးထားပါ)
- ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
- ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း တစ်ဝက်
- ငရုတ်ပွ ၁ ခု (လေးထောင့်အတုံးငယ် လှီးထားပါ)
- ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၁ ဇွန်း
- သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် သရက်သီး၊ ကြက်သွန်နီ၊ ငရုတ်ပွ၊ ဂျင်း၊ သံပုယိုရည်တို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ကာ သမအောင် မွှေပါ။
၂။ အခြားပန်းကန်လုံးအကြီးထဲတွင်တော့ ကြက်သားကို နှမ်းဆီ၊ ပြောင်းမှုန့်၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ဖြင့် သမအောင် ရောနယ်ကာ ၁၀ မိနစ်ခန့် နှပ်ထားလိုက်ပါ။
၃။ အိုးအကြီးတစ်လုံးထဲတွင် ရေနွေးကျိုထားပါ။ ဆားအနည်းငယ် ထည့်ကျိုရပါမယ်။ ရေနွေးပွက်ပွက်ဆူလာပါက ပဲလိပ်ပြာများ ထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် ထည့်ပြုတ်ပါ။ သတ်မှတ်ချိန်ပြည့်ပါက ပဲလိပ်ပြာများကို ရေခဲရေထဲသို့ ချက်ချင်းပြောင်းထည့်လိုက်ပါ။
၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားများထည့်ပြီး ၆ မိနစ်မှ ၈ မိနစ်ခန့် ကြော်ပါ။ ထို့နောက် အဆင့် (၁) က ပြုလုပ်ထားသော သရက်သီးအရောအနှောများ လောင်းထည့်လိုက်ပါ။ ပဲလိပ်ပြာ၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပျားရည်တို့ထည့်ကာ သမအောင် ရောမွှေပါ။
၅။ ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေကြော်ပြီးပါက ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။
အားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ သရက်သီး ကြက်သားဟင်းလေး ရရှိသွားပါပြီ။
Source: Tasteandsee.com