အားလုံးပဲ မင်္ဂလာပါ။ ကြက်သားချိုချို ချဉ်ချဉ်ဟင်းလျာလေးကို မြည်းစမ်းကြည့်ချင်သူများအတွက် ဒီတစ်ခါမှာတော့ သရက်သီးနဲ့ ရောချက်ထားတဲ့ ကြက်သားချိုချဉ်ဟင်းလျာ ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်သား (သို့) ကြက်ရင်အုံသား ၂ ပေါင်
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲလိပ်ပြာ (အစွန်းနှစ်ဖက်ကို လှီးဖြတ်ထားပါ)

  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • နှမ်းစေ့ အနည်းငယ်
  • သရက်သီး ၂ လုံး (အခွံခွာပြီး လေးထောင့်အတုံးငယ် တုံးထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)

  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း တစ်ဝက်
  • ငရုတ်ပွ ၁ ခု (လေးထောင့်အတုံးငယ် လှီးထားပါ)
  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် သရက်သီး၊ ကြက်သွန်နီ၊ ငရုတ်ပွ၊ ဂျင်း၊ သံပုယိုရည်တို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ကာ သမအောင် မွှေပါ။

၂။ အခြားပန်းကန်လုံးအကြီးထဲတွင်တော့ ကြက်သားကို နှမ်းဆီ၊ ပြောင်းမှုန့်၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ဖြင့် သမအောင် ရောနယ်ကာ ၁၀ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၃။ အိုးအကြီးတစ်လုံးထဲတွင် ရေနွေးကျိုထားပါ။ ဆားအနည်းငယ် ထည့်ကျိုရပါမယ်။ ရေနွေးပွက်ပွက်ဆူလာပါက ပဲလိပ်ပြာများ ထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် ထည့်ပြုတ်ပါ။ သတ်မှတ်ချိန်ပြည့်ပါက ပဲလိပ်ပြာများကို ရေခဲရေထဲသို့ ချက်ချင်းပြောင်းထည့်လိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားများထည့်ပြီး ၆ မိနစ်မှ ၈ မိနစ်ခန့် ကြော်ပါ။ ထို့နောက် အဆင့် (၁) က ပြုလုပ်ထားသော သရက်သီးအရောအနှောများ လောင်းထည့်လိုက်ပါ။ ပဲလိပ်ပြာ၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပျားရည်တို့ထည့်ကာ သမအောင် ရောမွှေပါ။

၅။ ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေကြော်ပြီးပါက ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

အားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ သရက်သီး ကြက်သားဟင်းလေး ရရှိသွားပါပြီ။

Source: Tasteandsee.com