ဒီအချိန်က သရက်သီးပေါများတဲ့အချိန်ရာသီဖြစ်တဲ့အတွက်ကြောင့် ရာသီစာသစ်သီးကို ဈေးချိုချိုဖြင့် ပေါပေါများများစားနိုင်တဲ့အချိန်ဆိုလည်း မမှားပါဘူး။ ရာသီစာသရက်သီးကို သူ့ချည်းပဲစားနေရတာ ငြီးငွေ့ဖို့ကောင်းပါတယ်။ လိမ္မော်ရည်၊ သံပုယိုရည်တို့ အသုံးပြုပြီး သရက်သီးပူတင်း လုပ်စားကြည့်လိုက်ပါ။ ဆွေမျိုးမေ့သွားစေမယ့် အရသာကို မြည်းစမ်းကြည့်နိုင်ပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

  • သရက်သီးမှည့် ၂ လုံး (အခွံခွာပြီး အနေတော်အတုံး တုံးထားပါ)
  • လိမ္မော်ရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၅ ဇွန်း
  • ဆား အနည်းငယ်

  • Whipping Cream ၂၄၀ ဂရမ်
  • အလှဆင်ရန်အတွက် သရက်သီးစိတ်အနည်းငယ်နှင့် ပင်စိမ်းရွက်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သစ်သီးဖျော်စက်ထဲတွင် သရက်သီးတုံး၊ လိမ္မော်ရည်၊ သံပုယိုရည်၊ သကြားနှင့် ဆားတို့ထည့်ကာ အတုံးအခဲများ ပျောက်သွားသည်အထိ ဖျော်ပေးလိုက်ပါ။

၂။ ခရင်မ်ကိုတော့ လျှပ်စစ်မွှေစက်ဖြင့် ခရင်မ်တောင့်တောင့်လေး ဖြစ်သွားသည်အထိ မွှေပေးလိုက်ပါ။

၃။ ထို့နောက် သရက်သီးအနှစ်များကို ခရင်မ်ပန်းကန်ထဲထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ရရှိလာတဲ့ သရက်သီးခရင်မ်များကို အချိုပန်းကန်လုံးထဲ လောင်းထည့်လိုက်ပါ။

၄။ သရက်သီးခရင်မ် အချိုပန်းကန်လုံးများကို ရေခဲသေတ္တာထဲတွင် ရေခဲလုနီးပါးဖြစ်သွားသည်အထိ အအေးခံထားလိုက်ပါ။

၅။ ခရင်မ်ရဲ့မျက်နှာပြင်က တင်းတင်းရင်းရင်းလေးဖြစ်သွားပြီဆိုရင်တော့ သရက်သီးအတုံးသေးသေးလေးများဖြင့် အလှဆင်လိုက်ပါ။ အနံ့မွှေးချင်တယ်ဆိုရင်တော့ ပင်စိမ်းရွက်အနည်းငယ် ထပ်ထည့်ပေးနိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ သရက်သီးပူတင်း အချိုပွဲလေး ရရှိသွားပါပြီ။

Source: Thespruceeats.com