အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ အလုပ်များလွန်းတဲ့ အိမ်ရှင်မတွေအတွက်ပဲဖြစ်ပါတယ်။ အမဲသားဟင်းက ပုံမှန်ချက်မယ်ဆိုရင် နူးအိသွားဖို့ အချိန်အတော်ကြာသည်အထိ စောင့်ဆိုင်းရပါတယ်။

(၁၅) မိနစ်လောက် အချိန်ပေးလိုက်ရုံနဲ့ နူးအိပြီး အရသာရှိတဲ့အမဲသားဟင်းကို ဘယ်လိုချက်ရမလဲဆိုတော့…

ပါဝင်ပစ္စည်းများ

  • အမဲသား ဝ.၅ ပေါင် (အရှည်လိုက် ပါးပါးလှီးဖြတ်ထားပါ)
  • ငရုတ်ပွ ၃ တောင့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ၊ ၅ မြွှာ ခန့်
  • နံနံပင် တစ်စည်း (ရေဆေးထားပြီး တစ်ဝက်စီ လှီးဖြတ်ထားပါ)
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း တစ်ဇွန်း
  • ခရုဆီနှင့် ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်းစီ
  • ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆားနှင့် သကြားအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါးပါးလှီးထားသော အမဲသားများကို ပြောင်းမှုန့်၊ ဟင်းချက်ဝိုင်၊ ပဲငံပြာရည်၊ ခရုဆီ၊ ငရုတ်ကောင်းမှုန့်၊ ဆီတို့ဖြင့် သမအောင် နယ်ဖတ်ပြီးတဲ့နောက်မှာ ၁၅ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး အမဲသားများကို တစ်မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ အမဲသားများ အသွေးရောင် မရှိတော့တဲ့အခါ ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၃။ ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ကာ အပူပြန်ပေးလိုက်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ၊ ငရုတ်ပွတို့ထည့်ကာ ၂ မိနစ်ခန့် ဆီသတ်ပေးလိုက်ပါ။

၄။ နံနံပင်နှင့် အမဲသားတို့ထည့်ပြီး သမအောင် မွှေပြီးတဲ့နောက်မှာ ဆားနှင့် သကြားတို့ထည့်ကာ ၂ မိနစ် ထပ်မွှေကြော်ပေးလိုက်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ အမဲသားမွှေကြော် အစပ်လေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com