မုန့်ဟင်းခါးကတော့ မြန်မာလူမျိုးတို့ရဲ့ အသည်းနှလုံးပါ ။ ပုံစံအမျိုးမျိုးနှင့် ချက်နည်း အမျိုးမျိုးကိုလည်း ရေးတာတွေ့ဖူးပါတယ် ။ အခု တင်ပြမှာ ကတော့ မော်လမြိုင် အိမ်ချက်လေးပါ ။ ဟင်းခါးရည် ကျဲကျဲ ပုံစံလေးက မုန့်ဟင်းခါး မစားသူတွေ ၊ မကြိုက်သူတွေကို အကြိုက်တွေ့ သွားစေ အောင် ဖမ်းစားနိုင်ခဲ့တဲ့ ပုံစံလေးမို့ အားလုံးလည်း ပုံစံသစ်လေးကို စမ်းသပ်လို့ရအောင် တင်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- မုန့်ဟင်းခါးဖတ် – ၁ ပိဿာ (1600g)
- ငါး – (ငါးကြင်း သို့ ကတ်သပေါင်း) ၃၀ သား (480g)
- ငါးပိ – ကွမ်းသီးလုံးခန့် ( 20g)
- ငှက်ပျောအူ – ၆ လက်မခန့် တပိုင်း
- ကြက်သွန်နီဥသေး – ၅ ကျပ်သား (80g)
- စပါးလင် – အနေတော် ၃ ဥ
- ဂျင်း – လက်နှစ်ဆစ်
- အရောင်တင် ငရုတ်သီးမှုန့် ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
- ကြက်သွန်ဖြူ (နွာပြီးသား) – လက်တဆုပ်
- ဆနွင်း – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
- ဆား – ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
- ရေ – ၃လီတာ (3000ml)
- ဆီ – ၄ ဇွန်း (စားပွဲတင်ဇွန်း)
မုန့်ဟင်းခါးနှင့်တွဲဖက်စားသုံးရန်
- ပဲတောင့်ရှည် – ၅ တောင့်
- ပဲကပ်ကြော် – ၂၀ ခု
- ပဲပြုတ် – ၅ ကျပ်သား
- ပူစီနံ(ပူဒီနာ/ဇီယာ) – ၁ စည်း
- ဘဲဥ – ၂ လုံး
- နံနံပင် – ၁ စည်း
- သံပုရာသီး – ၃ လုံး
- ငရုတ်သီး အလှော်ထောင်း – ၃ဇွန်း (ထမင်းစားဇွန်း)
- ကြက်သွန်ကြော် – ၁၀ ခု သို့ ဘူးသီးကြော်
- ကြက်သွန်ဖြူ ဆီချက် – ၃ဇွန်း (ထမင်းစားဇွန်း)
- ငါးဖယ်ကြော် – ၁၀ ခ
ပြုလုပ်ပုံ
- နံနံပင်နှင့် ပူစီနံကို ရေဆေး၍ အနေတော် ပိုင်းထားပါ ။
- ပဲသီးကို ပါးပါးလှီးထားပါ ။ (သို့) လက်တဆစ် ပိုင်းထားပါ ။
- သံပုရာသီးကို စိတ်ထား၍ ဘဲဥကို ပါးပါးလှီးထားပါ ။
မုန့်ဟင်းခါးဟင်းရည်ချက်ရန်
- ငါးကို သန့်စင်ပြီးလျှင် ငါးပိ ၊ ဆနွင်းတို့ ထည့်၍ ရေ ကို ငါး မြုပ်ရုံခန့် ထည့်ပါ ။ စပါးလင် အရင်းပိုင်းကို လက်၂ဆစ်ခန့် ချန်ထားပြီ ကျန်အပိုင်းကို ကြေအောင် ထု၍ ထုံးပြီး ငါးပြုတ်မည့် အိုးတွင် ထည့်ပြီး ဆူအောင် တည်ပါ ။
- ငါးအရိုးကို ဖယ်၍ အသားနွှင် ထားပါ ။
- ငှက်ပျောအူကို အရင့်ဖတ်များ ခွာထုတ်ပေးပါ ။ ရေဇလုံ တခုတွင် ရေထည့်ပြီး ဆနွင်းခံ၍ ပါးပါးလှီး ယူထားပါ ။
- ပြီးလျှင် ဟင်းရည်ချက်မည့် အိုးတွင် ငါးပြုတ် ထားသော အရည် ထည့်၍ ငှက်ပျောအူများ နှင့် ရေလက်ကျန် ထည့်ပြီး ပြုတ်ထားပေးပါ ။
- ကြက်သွန် ဥနီများကို ခွာပြီး မပြတ် ထွက်အောင် ဓားဖြင့် ထက်ခြမ်း အရာပေးပါ ။ တဥကိုတော့ ငါး ဆီသတ်ရန် ပါးပါးလှီး ထားပါ ။
- ကြက်သွန်ဖြူ ၊ ဂျင်း ၊ စပါးလင် တို့ကို ရော၍ ကြေညက်အောင် ထောင်းပါ ။ (သို)့ စက်နှင့် ညက်အောင် ကြိတ်ပါ ။
- ဆီအိုး တည်၍ ပူလာလျှင် ကြက်သွန်နီ ကြော်ပါ့မယ် ။ နီရောင် စသန်းလျှင် ဆနွင်း ၊ အရောင်တင်မှုန့်ထည့် ၊ ငါးထည့်မွှေပြီး မီးအေးအေးဖြင့် ငါးခြောက်အောင် ကြော်ပေးပါ ။
- ငါးရလျှင် ဟင်းရည်အိုးတွင် ခပ်ပေးပါ ။ ကြက်သွန်နီဥ ထည့်ပါ ။ ဆား ထည့်ပေးပါ ။
- ငှက်ပျောအူနူးလျှင် ထောင်းထားသော ကြက်သွန်ဖြူ အရောကို ခပ်၍ ပွက်ပွက်ဆူအောင် ပြန်စောင့်ပေးပါ ။
- အရသာမြည်း၍ အနေတော်လျှင် မုန့်ပွဲပြင်၍ စားသုံးနိုင်ပါသည် ။
- မော်လမြိုင်သူ ၊ မော်လမြိုင်သား တို့ကတော့ ထမင်းလွတ်ပင် စားတတ်ကြပါသည် ။
Tips
- မော်လမြိုင် မုန့်ဟင်းခါးတွင် ငါးပြုတ်ရေဖြင့်သာ စားသုံးပါသည် ။ ငါးပြုတ်ရာတွင် ငါးပိကောင်းရန် လိုပါသည် ။ အနံ့မကောင်းသော ငါးပိ သုံးမိပါက ဟင်းရည် အရသာကို ပျက်စေပါသည် ။ တချို့ကတော့ ကောက်ညှင်းဆန် လက်တဆုပ်ကို ငါးပြုတ်ရာတွင် ရောထည့်၍ ပြုတ်လေ့ရှိပါသည် ။
- ငှက်ပျောပင်ကို သုံးရာတွင် ငှက်ပျော ခေါင်း (သို့မဟုတ်) အသီးခိုင် ခုတ်ပြီးသော အူကို ပါးပါးလှီး၍ ထည့်ချက်ပါသည် ။ အပင်ပျို အူကို သုံးလျှင်လည်း နုသော အပိုင်းကို ပါးပါးလှီး၍ ထည့်ပါသည် ။
- ပဲသီးကို အတောင့်လိုက်ချိုး၍ ထည့်စားသည်မှာ မော်လမြိုင်သားများ ကြိုက်သော ပုံစံဖြစ်ပါသည် ။ ပူစီနံနှင့် ပဲပြုတ်ထည့် စားသည်မှာလည်း မော်လမြိုင် စတိုင်ပါ ။ တချို့ဆိုလျှင် ပဲပင်ပေါက် ကိုပါ ထည့်စား ပါသည် ။
- အချဉ်ကို အရင်က မန်ကျည်းမှဲ့ကို ရေဖျော်၍ သုံးပါသည် ။ အခုမှသာ သံပုရာသီးကို အစားထိုး သုံးစွဲခြင်း ဖြစ်ပါသည် ။
- မော်လမြိုင် ရေစိမ် မုန့်ဟင်းခါးသည် ချက်ချင်း ညှစ်ချသော မုန့်ဖတ်ကို အခုကဲ့သို့ ဟင်းရည်ဖြင့် စားရသောကြောင့် စားမိသူ များ ကြိုက်နှစ် သက် သော မော်လမြိုင် သင်္ကေတ မုန့်ဟင်းခါး တမျိုး ဖြစ်ပါသည် ။
- မော်လမြိုင်သူ ၊ မော်လမြိုင်သားတွေက မုန့်ဟင်းခါးကို ထမင်းဖြူနဲ့ လည်း တွဲပြီး စားတတ် ကြပါတယ် ။
- မုန့်ဟင်းခါးကို ရွှေမြိုင်သူ ရွှေမြိုင်သားများက မုန့်တီဟု ခေါ်ဆို ကြပါသည် ။
Credit: မိုးကောင်းကင်