နို့ချောကလက်ရေခဲချောင်းကို အရသာရှိရှိလေး အိမ်မှာ ကိုယ်တိုင်လုပ်စားလို့ရအောင် လုပ်ပုံလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာ အရမ်းကိုလွယ်ကူတဲ့အပြင် ပါဝင်ပစ္စည်းကလည်း အများကြီးမလိုတာကြောင့် လုပ်စားရတာ အဆင်ပြေမယ်လို့ ထင်ပါတယ်။

ပထမဆုံးအနေနဲ့ မီးဖိုပေါ်ကို အိုးတစ်အိုးတင်ပြီး နို့မှုန့် – ခွက်တစ်ခွက်စာနဲ့ ရေ – ခွက်ရဲ့ လေးပုံ ပုံ သုံးပုံစာ ထည့်မွှေပြီး ဆူပွက်လာတဲ့အထိ တည်ထားပါ။

ဆူလာပြီဆိုရင်တော့ နို့ဆီ – ခွက်ရဲ့ သုံးပုံ ပုံ တစ်ပုံစာထည့်ပါ။ ပြောင်းဂျုံ – စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေနည်းနည်းနဲ့ ရောမွှေပြီး ထည့်ပါ။ ပြီးရင်တော့ တည်ထားတဲ့အချိန်မှာပဲ သေချာသမအောင် မွှေနေပေးပါ။

ပျစ်ပျစ်လေးဖြစ်လာပြီဆိုရင်တော့ ခရား (သို့) ခွက်တစ်ခွက်ထဲပြောင်းထည့်ပြီး vanilla – လက်ဖက်ရည်ဇွန်းတစ်ဝက် ထည့်မွှေကာ အအေးခံထားပါ။

အေးသွားပြီဆိုရင်တော့ ရေခဲချောင်းလုပ်တဲ့ ပုံစံခွက်လေးတွေထဲကို လောင်းထည့်ပါ။ သူ့ခွက်ရဲ့ တုတ်လေးတွေက သိပ်မခိုင်တဲ့အတွက် ရေခဲချောင်းလုပ်တဲ့ သစ်သားတုတ်လေးတွေကို ပြောင်းသုံးပေးရင် ပိုကောင်းပါတယ်။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ တစ်ည (သို့) ၈ နာရီထည့်ထားပါ။

အချိန်ပြည့်ပြီဆိုရင်တော့ အိုးထဲကို ရေနွေးထည့်ပြီး အပေါ်ကနေ ချောကလက်တွေထည့်ထားတဲ့ ပန်းကန်ကို အပူပေးပြီး မွှေပေးပါ။ ချောကလက်တုံးတွေ အရည်ပျော်အောင် အပူပေးတဲ့ သဘောပါပဲ။

ချောကလက်တွေ အရည်ပျော်သွားရင် ဖန်ခွက်အကြီးထဲ ပြောင်းထည့်လိုက်ပါ။ မြေပဲကြိုက်ရင် မြေပဲလေးတွေကို သေးသေးလေးတွေဖြစ်သွားအောင် လှီးပြီး (သို့) ချေပြီး ထည့်မွှေလိုက်ပါ။

ခုနကရေခဲသေတ္တာထဲထည့်ထားတဲ့ ရေခဲချောင်းတွေကိုထုတ်ပြီး ချောကလက်ခွက်ထဲ ထည့်နစ်ပါ။ မိနစ်ပိုင်းလောက် ခဏကိုင်ထားပြီး ချောကလက်တွေ ခြောက်သွားပြီဆိုရင်တော့ စားလို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ နို့ချောကလက်ရေခဲချောင်းကို ရရှိသွားပါပြီ။

source: www.tiffinbox