အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တာကတော့ အရသာရှိတဲ့ သွားရေစာမုန့်လေးပဲဖြစ်ပါတယ်။ အနောက်တိုင်း အစားအစာနဲ့ အရှေ့တိုင်းအစားအစာကို ရောသမမွှေထားတဲ့ ကြက်သားပြားကြော် ဝေဖာ ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ဝေဖာပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၂၅၆ ဂရမ်
  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
  • အရည်ဖျော်ထားသောထောပတ် ၆၀ မီလီလီတာနှင့် နို့ထောပတ် ၅၀၀ မီလီလီတာ
  • Vanilla Extract လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ကြက်ဥ ၃ လုံး
  • ဟင်းချက်ဆီအနည်းငယ်

ကြက်သားကြော် ကြော်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား တစ်ပေါင်
  • ဂျုံမှုန့် ၁၂၈ ဂရမ်
  • ဟင်းချက်ဆီအနည်းငယ်
  • နို့ထောပတ် ၂၅၀ မီလီလီတာ
  • ပေါင်မုန့်အကြေအစအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝေဖာပြုလုပ်မယ့် မီးဖိုကို ကြိုတင်အပူပေးထားပါ။ Oven ကိုလည်း ၂၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။

၂။ ဝေဖာမုန့်နှစ်ပြုလုပ်ရန်အတွက် ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဂျုံမှုန့်၊ မုန့်ဖုတ်ဆိုဒါ၊ မုန့်ဖုတ်ပေါင်ဒါ၊ ဆား၊ သကြားတို့ကို သမအောင် ရောနှောထားလိုက်ပါ။

၃။ အခြားပန်းကန်လုံးတစ်လုံးထဲတွင်တော့ ကြက်ဥ ၃ လုံးကို မွှေခလောက်ထားပြီး၊ ထောပတ်၊ နို့ထောပတ်၊ Vanilla Extract တို့ကို သမအောင် ရောမွှေထားလိုက်ပါ။ မွှေပြီးတဲ့နောက်မှာတော့ စောစောက ဂျုံမှုန့် ပန်းကန်လုံးထဲ ပေါင်းထည့်ကာ သမအောင် ထပ်မွှေပေးရပါဦးမယ်။

၄။ ဟင်းချက်ဆီအနည်းငယ်ကို ဝေဖာမီးဖိုပေါ်တွင် သုတ်ထားလိုကပါ။ ထို့နောက် ဝေဖာမုန့်နှစ်များထည့်ကာ ရွှေညိုရောင်သမ်းလာသည်အထိ တည်ထားလိုက်ပါ။ ရရှိလာတဲ့ဝေဖာပြားကို အနေတော်အတုံး တုံးထားပြီး Oven ထဲတွင် နွေးနေအောင် ထည့်ထားလိုက်ပါ။ (စားခါနီးကျမှ အပြန်ပြင်ထုတ်လို့ရပါတယ်။)

ကျန်ရှိနေသော ဝေဖာမုန့်နှစ်များ ကုန်သွားသည်အထိ ဝေဖာများ ပြုလုပ်ပေးလိုက်ပါ။

၅။ ကြက်သားကြော်ရန်အတွက် ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ကြက်သားတုံးများကိုတော့ စောစောက လှီးဖြတ်ထားသော ဝေဖာအရွယ်အစားထက် သေးအောင် တုံးထားလိုက်ပါ။

၆။ ပန်းကန်လုံး သုံးလုံးထဲတွင်၊ ဂျုံမှုန့်၊ နို့ထောပတ်၊ ပေါင်မုန့်အကြေအစများကို အဆင်သင့်ပြင်ထားလိုက်ပါ။ ထို့နောက် ကြက်သားတုံးများကို ဂျုံမှုန့်၊ နို့ထောပတ်၊ ပေါင်မုန့်အကြေအစများဖြင့် အစီအစဉ်တကျ ကပ်ထားပေးလိုက်ပါ။ ထို့နောက် ဆီပူထဲတွင် ထည့်ကြော်ပေးလိုက်ပါ။

၇။ ရရှိလာတဲ့ ကြက်သားကြော်များကို ဝေဖာအတုံးငယ်လေးများပေါ်တွင် အစီအရီတင်ထားကာ သွားကြားထိုးတံဖြင့် တွဲထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သားပြားကြော် ဝေဖာလေး ရရှိသွားပါပြီ။ ပျားရည်လေး အနည်းငယ်ဆမ်းကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Thespruceeats.com