အရသာလေးက မေ့မရနိုင်သလို အနံ့လေးကလည်း အမှတ်တရဖြစ်စေသော ဘဲသားချိုစပ်လေးကို ခေါက်ဆွဲ၊ ထမင်းတို့ဖြင့် တွဲစားလို့လိုက်ဖက်တာကြောင့် အားလုံးအတွက် ချက်စားလို့ရအောင် ဖော်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ (ဆီသတ်ရန်)

  • ကြက်သွန်ဖြူ – ၅ မြွှာ (ညက်ညက်လေးထောင်းထားပါ)
  • ကြက်သွန်နီ – ၅ လုံး (ညက်ညက်လေးထောင်းထားပါ)
  • ချင်း – လက်တစ်ဆစ်ခွဲ (ထောင်းထားပါ)
  • ချင်းပင် – ၃ ပင် (ထုပြီး ထုံးထားပါ)
  • နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သံလွင်ဆီ – စားပွဲဇွန်း ၅ ဇွန်း
  • ငရုတ်သီးခြောက် – ၁ဝ တောင့်
  • ကရဝေးရွက် – ၂ ရွက်
  • သစ်ကြံပိုးခေါက် – ၁ ခေါက်
  • ဖာလာစေ့ – ၄ စေ့
  • (ဘဲသား နယ်နှပ်ထားရန် ပါဝင်ပစ္စည်းများ)
  • ဘဲသား – ၅ဝ ကျပ်သား (အတုံးအနေတော်တုံးထားပါ)
  • နနွင်းမှုန့် – အနည်းငယ်
  • ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အကျဲ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည်အချို – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ဟင်းခတ်မှုန့်စုံ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဝိုင် – စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

  1. ဘဲသားနယ်နှပ်ရန် ပါဝင်ပစ္စည်းများအားလုံး ဖန်ဇလုံထဲထည့်ပြီး ၃ဝ မိနစ်လောက်နှပ်ထားပါ။ မကပ်သောအိုးထဲ ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် ဟင်းအနှစ်လုပ်ရန် ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး တည်ပါ။ မွှေးပြီး အရောင်တက်လာသည်အထိ တည်ပါ။
  2. အနှစ်ထဲ ဘဲသားထည့်ပါ။ အသားနှင့် အနှစ်လုံးပါ။
  3. အသားတုံးများ ရွှေရောင်သမ်းလာလျှင် ဘဲတုံးအမြုပ် ရေထည့်ပါ။ မီးအနေတော်ဖြင့် အဖုံးအုပ်ပြီး ရေခန်းပြီး ဆီပြန်လာသည်အထိ တည်ပါ။ မကြာခဏမွှေပေးပါ။
  4. အနှစ်အရသာဝင်အောင် သေချာမွှေပေးပါ။ ရေခန်းသွားလျှင် ဆားမြည်းပါ။ လိုတာထပ်ဖြည့်ပါ။
  5. အသားတုံးနူးအိခြင်း ရှိ မရှိ ခက်ရင်းလေးဖြင့် ထိုးကြည့်ပါ။ အသားတုံး မနူးသေးလျှင် ရေထပ်ထည့်ပြီး တည်ပါ။ ရေခန်းပြီး အဆီပြန်အောင် တည်ပါ။ အုန်းထမင်း၊ ထမင်းဖြူတို့ဖြင့်လည်း တွဲဖက်သုံးဆောင်လျှင်လည်း အဆင်ပြေကောင်းမွန်ပါတယ်။