မုန့်လက်ဆောင်း လုပ်နည်းက လွယ်ပေမယ့် မုန့်လက်ဆောင်းဖတ် လုပ်နည်းလေးကသာ အနည်းငယ်ခက်ခဲတယ် ထင်ရပေမယ့် စမ်းလုပ်ကြည့်ပြီး (၁) ကြိမ် (၂) ကြိမ်ဆိုရင် အလွယ်ကူဆုံး ဖြစ်သွားပါမယ်။ အခုခေတ်ကာလမှာ ဆန်ကြိတ်ဆုံတွေ အင်မတန်ရှားပါးသွားလို့ အဝေး၊ ပြည်တွင်း အားလုံး အဆင်ပြေ လွယ်ကူအောင် ဆန်မှုန့်နဲ့ပဲ ပြောပေးသွားပါမယ်။

ပါဝင်ပစ္စည်းများ

ဆန်မှုန့်နုနု – ၁၀ ဇွန်း (ထမင်းစားဇွန်း)
ကော်မှုန့် (သို့) ပြောင်းမှုန့် – ၂ ဇွန်း (ထမင်းစားဇွန်း)
ထုံးကျက်တက်ရည် – ၂ လီတာခန့် (အစိမ်းရောင်လေး ကြိုက်သူများက ဆွမ်းမွှေးရွက်ရည် ထည့်သုံးနိူင်ပါတယ်)
ထန်းဖိုထန်းလျက်
ဆား – အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

စားထုံးကို ရေ ၂ လီတာနဲ့ဖျော်ပြီး ကျောက်ချဉ်တုံး ခပ်သေးသေးကို ထည့်လိုက်ပါ။ အနည်ထိုင်ပြီး အရည်ကြည် တက်လာတာနဲ့ ထုံးကျက်တက်ရည် ရပါပြီ။

ဆန်မှုန့် ၊ ကော်မှုန် (သို့) ပြောင်းမှုန့် တို့ကို ရောပြီး ထုံးကျက်တက်ရည်နဲ့ ရောကျိုပါ။ အရောင်၊ ရနံ့ ကြိုက်သူတွေက ဆွမ်းမွှေးရွက်ရည် ထည့်သုံးနိူင်ပါတယ်။

တော်တော်လေး ပျစ်ခဲမလာခင် ဇလုံကြီးကြီးတစ်ခု (ဖြစ်နိူင်ရင် ရေခဲပါထည့်) ထားသော ခွက်အပေါ်မှာ ဇကာ (မိမိကြိုက်နှစ်သက်တဲ့ မုန့်ဖတ်အရွယ်ပေါ် မူတည်) တင်ထားပါ။

မုန့်နှစ်ကျိုတာ ပျစ်လာပြီဆိုရင် ဇကာထဲကို နည်းနည်းချင်း လောင်းချပြီး ဇွန်းနဲ့ ဖိချပေးရပါမယ်။ ဒါမှသာ မုန့်ဖတ်လေးများအသွင် ရေအေးထဲကို ရောက်ပြီးခဲသွားမှာပါ။

အောက်ခံရေကိုလည်း မကြာခဏ ဆိုသလို လဲလှယ်ပေးရပါမယ်။ နောက်ဆုံးအေးသွားပြီဆိုမှ ရေအေးပြန်စိမ်ထားပေးပါ။

ထန်းဖိုထန်းလျက်ကို ဆားအနည်းငယ်နှင့်အတူ ရောကျိုပြီး အအေးခံပါ။ မုန့်လက်ဆောင်းဖတ်ထဲကို မိမိလိုအပ်သလောက်ထည့်ပြီး နှမ်းထောင်းလေးဖြူး အုန်းသီးခြစ်လေးများထည့်ကာ သောက်သုံးနိူင်ပါတယ်။

နန်ကထိလို့ခေါ်တဲ့ ငချိတ်ပေါင်းလေးများ ထည့်စားသုံးသလို ဆေးကုလားမ နံ့သာရည်လေးလည်း ထည့်သုံးဆောင်နိူင်ပါတယ်။

မှတ်ချက်။ ။ ထန်းဖိုထန်းလျက်မရှိလို့ ထန်းလျက်အသေးသုံးထားတာကြောင့် အရောင်မလှသလို အုန်းသီးခြစ်လည်း မကြိုက်လို့ မထည့်ထားပေမယ့် နွေရာသီ အညာဒေသကို မှတ်မှတ်ရရ အလွမ်းပြေဖြစ်ပါတယ်။

Credit: Original Recipe Writer