ဒီတစ်ခါတော့ အရွက်ဟင်းလျာလေးတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဈေးတွေမှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ မုန်ညင်းစိမ်းလေးတွေကို အသုံးပြုပြီး စားနေကြမဟုတ်တဲ့ မုန်ညင်းစောကို ချက်စားကြမယ်နော်။

ပါဝင်ပစ္စည်းများ

မုန်ညင်းစိမ်းအဖူး – ၁၀ ကျပ်သား

မုန်ညင်းရွက် – ၅ ကျပ်သား

ခရမ်းချဉ်သီး – ၁၅ ကျပ်သား

ဆီ – ၂ ကျပ်သား

ကြက်သွန်ဖြူ (ထောင်းပြီး) – ၂ မြွှာ

ကြက်သွန်နီ (ထောင်းပြီး) – ၂ ကျပ်သား

ငရုတ်သီးမှုန့် – စားပွဲဇွန်း ၂ ဇွန်း

ငံပြာရည် – စားပွဲဇွန်း ၁ ဇွန်း

ဆား – စားပွဲဇွန်း ၂ ဇွန်း

မန်ကျည်းမှည့် – စားပွဲဇွန်း ၃ ဇွန်း

ထန်းလျက်ခဲ – ၄ လုံး

ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်

မုန်ညင်းဖူး၊ မုန်ညင်းရွက် သင်ပြီး ရေဆေးထားပါ။ ခရမ်းချဉ်သီး ရေဆေး ပါးပါးလှီးထားပါ။

ချက်ပြုတ်ရန်အတွက် – ဟင်းအိုးတစ်လုံးတွင် ဆီထည့်ပြီး ပူ၍ အငွေ့ထွက်လာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုပ်သီးမှုန့်ထည့်ပြီး ဆီသပ်ပါ။ ငံပြာရည်ထည့်ပါ။ မုန်ညင်းများထည့်ပါ။ ခရမ်းချဉ်သီးထည့်ပါ။ အဖုံးဖုံးထားပါ။ အရွက်များနွမ်းလာလျှင် မန်ကျည်းမှည့်ကို ရေတစ်ဝက်ခန့်ဖြင့် ဖျော်ပြီးထည့်ပါ။ ထန်းလျက်ခဲထည့်မွှေပါ။ ရေဆူလာလျှင် နို့ဆီဘူး သုံးဘူးခွဲခန့်ရေကိုထည့်ပါ။ ဆယ်မိနစ်ခန့် ပွက်ပွက်ဆူလာအောင် တည်ပြီးမှ ဖိုမှချပါ။ ပြီးလျှင် တည်ခင်းသုံးဆောင်၍ ရပါပြီ။

(ယခုဖော်ပြထားသည့် ပါဝင်ပစ္စည်းများမှာ လူဆယ်ဦးစာဖြစ်ပါတယ်။)