မြောင်းမြ မုန့်ဟင်းခါးချက်နည်းတွင် လျှို့ဝှက်ချက်ရှိပါသည်။ အများအားဖြင့် သိသူနည်းနေပါတယ်။ နာမည်ကြီးတဲ့ဆိုင်က ချက်နည်းပါ။ ငါးရံ့၊ ငါးခူ၊ ငါးကြင်းဖြူများ နှင့် ချက်လျှင် ပိုကာင်းပါတယ်။ အချိုးအစားက နှစ်သက်သလိုထည့်ပါ။

ပါဝင်ပစ္စည်း

  • ငါးရံ့၊ ငါးခူ၊ ငါးကြင်းဖြူ (နှစ်သက်သည့် ငါးတမျိုးနှင့် ချက်ပါ။)
  • ဆန်လှော်မှုန့်
  • ပဲမှုန့်အကြက်
  • စပါးလင်
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ဂျင်း
  • ငရုတ်ကောင်း
  • ငံပြာရည်
  • ဆား
  • ဆနွင်းမှုန့်
  • ဆီ
  • ကြက်သွန်ဖြူဆီချက်
  • ကြက်သွန်နီဆီချက်
  • နံနံပင်
  • ငရုတ်သီး အကြက်မှုန့်
  • သံပုရာသီး (သို့မဟုတ်) ရှောက်သီး
  • ဘဲဥ
  • ငါးဖယ်ကြော်
  • အကြော် (ပဲကြော်၊ ဘူးသီးကြော်၊ ကြက်သွန်ကြော်)

ပြုလုပ်နည်း

ငါးပြုတ်ရန် ရေနွေး တည်ထားပါ။ ရေနွေးဆူလျှင် စပါးလင်၊ဂျင်း၊ ကြက်သွန်ဖြူ၊ ငါး၊ ငံပြာရည်၊ ဆီအနည်းငယ် နှင့် ဆနွင်းမှုန့်အနည်းငယ် ထည့်ကာ ငါးများနူးလာသည် အထိ ပြုတ်ပေးပါ။ (ရေဆူပြီးမှ ငါးထည့်သည့် အတွက် ငါးညှီနံ့ မရှိပါ။)

ဟင်းရည်ချက်ရန် ငါးအသားနွှာပါ။ ကြေမသွားစေရန် ငါးအသားကို အမျှောင်းလှလှလေး ဖြစ်အောင်နွှာပါ။

ဂျင်း၊ ကြက်သွန်ဖြူ ထောင်းကာဆီသတ်ပါ။ ပြီးလျှင် ငါးပြတ်ရည်အိုး ဆူပွက်သည့်အချိန်တွင် နွှာထားသော ငါးအသားများထည့်ပါ။ (ငါးအသားများ ဆီမသတ်ရပါ။)

ဟင်းရည် ဆူပွက်၍ အနံ့မွေးလာရင် ဆန်လှော်မုန့်၊ ပဲမုန့်အကြက် တို့ကို ရေဖျော်ပြီ ဖြေးဖြေးလောင်းတည့်ပါ။ ဟင်းရည်ဆူချိန် ရောက်မှ အပေါ့အငံမြီးရျ် ငံပြာရည်ကိုချိန်ဆပြီးထည့်ပါ။ (ဟင်းရည် မဆူခင်တည့်ရင် ငံပြာရည် အနံထွက်တတ်သည်။)

ကြက်သွန်နီထည့်ပြီး ငရုတ်ကောင်းအနည်းငယ်ထည့်ပါ။ အနံအရသာဖြင့် ပြည့်စုံသော မုန့်ဟင်းခါး ဟင်းရည် ရပါပြီ။

မုန့်ဟင်းခါးပွဲပြင်ပြီးလျှင် နံနံပင်၊ ကြက်သွန်ဖြူဆီချက်၊ ကြက်သွန်နီဆီချက်၊ ငါးဖယ်ကြော်၊ ငရုတ်သီး အကြက်မှုန့်၊ သံပုရာသီး (သို့) ရှောက်သီး၊ အကြော် (ပဲကြော်၊ ဘူးသီးကြော်၊ ကြက်သွန်ကြော်)၊ ဘဲဥ မိမိနှစ်သက်ရာများကို ထည့်၍ စားသုံးနိုင်ပါသည်။