အားလုံးပဲ မင်္ဂလာပါ။ ထမင်းကြော်စပ်စပ်လေး စားသုံးချင်သူများအတွက် ဒီတစ်ခါမှာတော့ အသွင်သစ် အရသာအသစ် ပေးစွမ်းနိုင်မယ့် အင်ဒိုနီးရှားစတိုင်လ် ရိုးရာထမင်းကြော် စပ်စပ်လေး ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်နီ ၂ ဥနှင့် ကြက်သွန်မြိတ် ၅ ပင်
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ပုစွန်ငါးပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ကြက်သွန်ဖြူ ၂ မြွှာ (အခွံခွာပြီး ပါးပါးလှီးထားပါ)
  • ငရုတ်သီးတောင့် အနီတောင့် (ပါးပါးလှီးထားပါ)
  • ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် သကြားညို စားပွဲတင်ဇွန်း ၁ ဇွန်း
  • မန်ကျည်းသီးအနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ခရမ်းချဉ်သီးအနှစ် စားပွဲတင်္ငဇွန်း ၁ ဇွန်း
  • ထမင်း ပန်းကန်လုံး ၄ လုံးစာနှင့် ကြက်ဥ ၅ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။

၂။ ကြက်သွန်နီကို အကွင်းလိုက် ပါးပါးလှီးထားပြီးနောက် ပြောင်းမှုန့်ဖြင့် သမအောင် နယ်ပေးလိုက်ပါ။ ထို့နောက် ဆီပူထဲထည့်ကာ အညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန်လုံးထဲ ပြောင်းထည့်ထားပါ။

၃။ ဒယ်အိုးထဲသို့ နောက်ထပ် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထပ်ထည့်ပါ။ ဆီပူလာပါက ပုစွန်ငါးပိ၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးတောင့် အနီတောင့်တို့ထည့်ကာ ၁ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် ငါးငံပြာရည်၊ သကြားညို၊ မန်ကျည်းအနှစ်၊ ခရမ်းချဉ်သီးအနှစ်၊ ပဲငံပြာရည်တို့ထည့်ကာ ၁ မိနစ်ခန့် မွှေပေးလိုက်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ထမင်းများထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။

၅။ ၅ မိနစ်ခန့် မွှေကြော်ပြီးတဲ့နောက်မှာတော့ ထမင်းကို ဒယ်အိုးတစ်ဖက်ခြမ်းသို့ တွန်းပို့ပြီး ကြက်ဥ တစ်လုံးကိုတော့ လွတ်နေတဲ့အခြမ်းသို့ ဖောက်ထည့်လိုက်ပါ။ ထို့နောက် ကြက်ဥကို မွှေကြော်ပေးလိုက်ပါ။

၆။ နောက်တစ်ဆင့်ကျမှ ကြက်ဥမွှေကြော်နဲ့ ထမင်းကြော်ကို ရောပေါင်းကာ ကြော်ပေးရပါမယ်။ ထို့နောက် ကြက်သွန်မြိတ်၊ ဆားအနည်းငယ်၊ ကြက်သွန်ကြော်တို့ထည့်ကာ မွှေကြော်လိုက်ပါ။

အရသာအပေါ့အငန် မြည်းကြည့်ပြီးတဲ့နောက်မှာတော့ မီးပိတ်လိုက်ပါ။

၇။ အခြားဒယ်အိုးအကြီးတစ်လုံးထဲသို့ ကျန်ရှိနေသော ဆီများထည့်ပါ။ ထို့နောက် ကြက်ဥ ၄ လုံး ဖောက်ထည့်ကာ Half-Fried ကြော်ပေးလိုက်ပါ။

၈။ ဒယ်အိုးထဲက ထမင်းကြော်များကို ပန်းကန်ပြားလေးချပ်ထဲသို့ အညီအမျှခွဲထည့်လိုက်ပါ။ ထို့နောက် ကြက်ဥ Half-Fried အုပ်ပေးလိုက်ပါ။ ငရုတ်သီးဆော့စ် အနည်းငယ်ဆမ်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အင်ဒိုနီးရှားစတိုင်လ် ရိုးရာထမင်းကြော်စပ်စပ်လေး ရရှိသွားပါပြီ။

Source: Kitchensanctuary.com