တစ်ခါလာလည်း ကြက်ဥကြော်၊ နောက်တစ်ခါလာလည်း ကြက်ဥဟင်း၊ ကြက်ဥပြုတ်စတဲ့ ချက်ပြုတ်နည်းတွေနဲ့တင် လုံးလည်ချာလပတ်လိုက်ပြီး စားသောက်ရတာ ရိုးအီနေပြီလား။

ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ဟင်းချက်နည်းမျိုးစုံကို အသုံးပြုပြီး သင့်ရဲ့ကြက်ဥတွေကို ဟင်းလျာအသစ်၊ အရသာအသစ်၊ အသွင်သစ် ဖန်တီးလိုက်ပါ။

ပလာတာပုံစံ ကြက်ဥလိပ်

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ကြက်ဥအကာ ၂ လုံးနဲ့ ကြက်ဥအနှစ် ၁ လုံးပဲဖြစ်ပါတယ်။

၁။ အရင်ဦးဆုံး ကြက်ဥအကာနဲ့ အနှစ်တွေကို သပ်သပ်စီဖယ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီးနောက် ထောပတ်သုတ်လိမ်းထားလိုက်ပါ။ ထို့နောက် ကြက်ဥအကာများထည့်ကာ စက္ကန့် ၃၀ ခန့် အပူပေးပါ။

၃။ ကြက်ဥအကာ မကျက်တကျက်အချိန်မှာ ကြက်ဥအနှစ်ကို အလယ်တည့်တည့်မှာ ထည့်လိုက်ပါ။

၄။ ကြက်ဥအကာက ရာနှုန်းပြည့်ကျက်သွားတဲ့အခါ ကြက်ဥအနားသတ်များကို လေးထောင့်ပုံစံဖြစ်သွားအောင် ခေါက်လိုက်ပါ။

ဒါဆိုရင်တော့ အသွင်သစ်နဲ့ အရသာရှိတဲ့ ပလာတာပုံစံ ကြက်ဥလိပ်လေး ရရှိသွားပါပြီ။

နောက်ဟင်းလျာတစ်မျိုးကတော့ ကြက်ဥအကာနှစ်ခုကြား ညှပ်ထားတဲ့ ကြက်ဥထမင်းပေါင်းပဲဖြစ်ပါတယ်။

လိုအပ်မယ့် ပါဝင်ပစ္စည်းတွေကတော့ ကြက်ဥ ၄ လုံးနဲ့ ထမင်း ပန်းကန်လုံးတစ်လုံးစာပဲဖြစ်ပါတယ်။

စောစောကလိုပဲ ကြက်ဥအနှစ်နဲ့ အကာကို သပ်သပ်စီဖယ်ထားပါ။

၁။ ထမင်းပန်းကန်ထဲသို့ ကြက်ဥအနှစ် ၄ လုံး ထည့်ပြီးနောက် ထမင်းနဲ့ ကြက်ဥကို သမအောင် ရောမွှေလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာတဲ့အခါ ကြက်ဥအကာ ၂ လုံးကို ဒယ်အိုးမျက်နှာပြင်အနှံ့ လောင်းထည့်လိုက်ပါ။

၃။ ထို့နောက် ချိစ်အနည်းငယ် ဖြူးထည့်လိုက်ပါ။ (ချိစ်ထည့်မယ်ဆိုရင်တော့ ပိုအရသာရှိပါတယ်။ ချိစ်မထည့်ဘဲ သူ့ချည်းပဲ ကြော်မယ်ဆိုလည်း အဆင်ပြေပါတယ်)

၄။ ပြီးရင်တော့ ကြက်ဥအနှစ် နယ်ထားပြီးသား ထမင်းကို ဒယ်အိုးထဲသို့ လောင်းထည့်ပါ။ မျက်နှာပြင်ညီညာသွားဖို့ရန်အတွက် ဇွန်းအပြားဖြင့် အသာအယာဖိလိုက်ပါ။

၅။ ထို့နောက် ကျန်ရှိနေသော ကြက်ဥအကာ ၂ လုံး ထပ်မံလောင်းထည့်လိုက်ပါ။ ဒယ်အိုးအဖုံးပိတ်ထားပြီးနောက် ၂ မိနစ်ခန့် ပေါင်းထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ ပီဇာပုံသဏ္ဍာန်နဲ့ ဆင်တူတဲ့ ကြက်ဥထမင်းပေါင်းလေး ရရှိသွားပါပြီ။ ဓား (သို့) ပီဇာဖြတ်သောကိရိယာဖြင့် လေးပိုင်းပိုင်းကာ မိမိစားနိုင်သလောက် အားရပါးရ စားသုံးနိုင်ပါပြီ။

Source: 5-Minute Crafts