ကိတ်မုန့်လုပ်နည်းတွေ ဘယ်လောက်ပဲလွယ်လွယ် မုန့်ဖုတ်စက်မရှိရင်လုပ်စားလို့မရဘူးလို့ တော်တော်များများက ထင်နေကြမှာပါ။ မပူပါနဲ့ မုန့်ဖုတ်စက်မလိုပဲ ကိတ်မုန့်လုပ်စားနိုင်လို့ရမယ့် နည်းလမ်းလေးကို ပြောပြပေးပါမယ်။ ချိစ်ကိတ်ဆိုရင်တော့ တော်တော်များများ ကြိုက်ကြမယ်လို့ထင်ပါတယ်။ ဒါကြောင့် မုန့်ဖုတ်စက်မလိုပဲ အလွယ်တကူလုပ်စားနိုင်မယ့် ကွတ်ကီးချိစ်ကိတ်ပြုလုပ်နည်းလေးကို ပြောပြပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ Oreo ကွတ်ကီး (သို့) ချောကလက်ကွတ်ကီး – ၃၆ ခုကို ခရင်မ်သပ်သပ် ကွတ်ကီးသပ်သပ်ခွဲထည့်ပေးပါ။

ခွဲထည့်ထားတဲ့ကွတ်ကီးတွေကို အိတ်တစ်ခုထဲထည့်ပြီး ကျေညက်သွားအောင် ထုချေပေးရပါမယ်။ ကြေညက်သွားပြီဆိုရင်တော့ ပန်းကန်ထဲပြောင်းထည့်ပြီး အရည်ပျော်အောင်လုပ်ထားတဲ့ထောပတ်ရည် – စားပွဲတင်ဇွန်း ၅ ဇွန်းစာ ထည့်ပြီးနယ်ပေးပါ။ သမအောင်နယ်ပြီးတာနဲ့ ကိတ်မုန့်လုပ်တဲ့ Pan (အိုး) ထဲကိုထည့်ပြီး ဖိချပေးပါ။

မီးဖိုပေါ်ကို အိုးတစ်လုံးတင်ပြီး ခရင်မ်ချိစ် – ၃၂ အောင်စထည့်ပါ။ သကြား – ခွက်ရဲ့ သုံးပုံ ပုံ တစ်ပုံစာနဲ့ ပထမဆုံးဖယ်ထားတဲ့ ကွတ်ကီးရဲ့ခရင်မ်တွေကိုထည့်ပါ။ အနံ့မွှေးစေဖို့ Vanilla Extract – စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပြီး အရည်ပျော်ကာ ပျစ်သွားတဲ့ထိမွှေပေးပါ။

ပျစ်သွားပြီဆိုရင်တော့ ကျိုထားတဲ့နွားနို့ – ခွက်တစ်ခွက်စာနဲ့ Gelatin – စားပွဲတင်ဇွန်းတစ်ဇွန်းစာထည့်မွှေပါ။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ ခုနက Pan (အိုး) ထဲကို လောင်းထည့်ပြီး ညီနေအောင် လိုက်ညှိပေးပါ။ အပေါ်ကနေ ချောကလက်အမှုန့် (သို့) Oreo အမှုန့်လေးတွေကို ဖြူးပေးပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ ၅ နာရီကြာထည့်ထားပေးရပါမယ်။

ရေခဲသေတ္တာထဲကထုတ်တာနဲ့ ဓားနဲ့လှီး၊ ပန်းကန်ထဲထည့်ပြီး အသင့်စားသုံးနိုင်တဲ့ ကွတ်ကီးချိစ်ကိတ်ကို ရရှိသွားပါပြီ။ အဆင့်တွေ နည်းနည်းများပေမယ့်လည်း တစ်ဆင့်ချင်းစီဖတ်ပြီးလုပ်မယ်ဆိုရင်တော့ အဆင်ပြေစေမှာပါ။

Photo Source: www.tasty.com