မိခင်များနေ့မှာ ခြံထဲက သရက်ပင်က သီးတဲ့ သရက်သီးစိမ်းကို ပေါက်ပြီး ပဲကြာဇံ နဲ့ ရူးရှဲဖြစ်အောင် သုတ်ပြီး လဖက်ရည်ကြမ်းလေး နဲ့ ကျေးဇူးရှင် မွေးမိခင်ကို သုတ်ကျွေးလိုက်ပါတယ် ။ စားလိုက်တာ ၊ စားကောင်းလွန်းလို့ သုတ်နည်းလေးကို မျှဝေလိုက်ပါတယ် ။
ပါဝင်ပစ္စည်း
- ပဲကြာဇံ
- သရက်သီး
- ကြက်သွန်နီ
- ကြက်သွန်နီဆီချက်
- ငပိကင်
- ပုဇွန်ခြောက်မှုန့်
- ရှောက်ရွက်
- နံနံပင်
- ကြက်သွန်မိတ်
- ငရုတ်သီးမှုန့်
- သကြား အနည်းငယ်
- ဆား
- ကြက်သွန်ဖြူ
- ဆလတ်ရွက်
- သခွားသီး
- ငရုတ်သီးစိမ်း
ပြင်ဆင်ပြုလုပ်နည်း
- ပဲကြာဇံကို ရေစိမ်ထားပါ ။ ပြီးလျင် ဆူသော ရေနွေးကို စိမ်ထားသည့် ပဲကြာဇံပေါ်ကို လောင်းလိုက်ပြီး ပဲကြာဇံနူးမှ ရေမျာသွန်ပြီး စစ်ထားပါ ။
- သရက်သီးကို အခွံခွာပြီး ဓါးနဲ့ ပေါက်ထားပြီး ရေစိမ်ထားပါ ။
- ကြက်သွန်နီကို ပါးပါးလှီးပြီး အချို့တဝက်ကို ရေစိမ်ထားပါ ။ အချို့တဝက်ကို ကြက်သွန်နီကြော် နှင့် ဆီချက် ချက်ပါ ။
- ငပိကို မိုက်ခရိုဝေ့ ထဲတွင် မိနစ်ဝက်ခန့်ထည့်၍ ကင်ပါ ။
- ရှောက်ရွက် ၊ နံနံပင်၊ ကြက်သွန်မိတ်တို့ကို ပါးပါးလှီးထားပါ။
- စားခါနီးတွင် ကြာဇံ ၊ ပေါက်ထားသော သရက်သီး ၊ ပါးပါးလှီးထားသော ကြက်သွန်နီ ၊ ငပိကင် ၊ ပုဇွန်ခြောက်မှုန့် ၊ ၊ နံနံပင် ၊ ကြက်သွန်မိတ် ၊ သကြား အနည်းငယ် ၊ ကြက်သွန်နီ ဆီချက် ၊ ဆား နှင့် ငရုတ်သီးမှုန့် တို့ကို ထည့်၍နှံ့အောင် နယ်ပါ ။
- အပေါ့ အငန်မြည်း၍မိမိ နှစ်သက်ရာ အရသာရလျင် အသုတ်၏ အပေါ်မှ ရှောက်ရွက် နှင့် ကြက်သွန်နီကြော် ဖြူး၍
- သုံးဆောင်နိုင်ပါသည် ။
- ကြက်သွန်ဖြူ ၊ ဆလတ်ရွက် ၊ သခွားသီး နှင့် ငရုတ်သီးစိမ်း တို့ကို အသုတ် နှင့် တွဲဖက်၍ စားနိုင်ပါသည် ။
MyFood Myanmar