ခေါက်ဆွဲကြော် ကြော်စားချင်လို့ ခေါက်ဆွဲမရှိတဲ့အခါမျိုးမှာဆိုရင် Ready Made ခေါက်ဆွဲခြောက်ကို သုံးလို့ရပါတယ်။ အရသာကလည်း ပုံမှန်စားနေကျ ခေါက်ဆွဲကြော်အရသာတွေနဲ့မတူပဲ နည်းနည်းကွဲထွက်နေမှာပါ။ ဒီလို Ready Made ခေါက်ဆွဲခြောက်နဲ့ အရသာရှိပြီး စားချင်စရာကောင်းတဲ့ ခေါက်ဆွဲကြော်ဖြစ်အောင် ဘယ်လိုကြော်ရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

ပန်းကန်လုံးအကြီးထဲကို ပံငံပြာရည် – ပန်းကန်လုံးအသေး တစ်လုံးစာထည့်ပါ။ နုတ်နုတ်စင်းထားတဲ့ ဂျင်း – စားပွဲတင်ဇွန်း တစ်ဇွန်း၊ နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း တစ်ဇွန်း၊ ခရုဆီ – စားပွဲတင်ဇွန်း တစ်ဇွန်း၊ နှမ်းဆီ – စားပွဲတင်ဇွန်း တစ်ဇွန်း၊ သကြား – စားပွဲတင်ဇွန်း တစ်ဇွန်း၊ ငရုပ်သီးမှုန့် – အနည်းငယ်၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်ထည့်ပြီး မွှေပါ။

ကြက်ရင်အုံသား – ၂ ဆယ်သား (သို့) ၃ ဆယ်သားကို ကုဗတုံးလောက် အတုံးလေးတွေတုံးပြီး ပန်းကန်ထဲထည့်ပါ။ ခုနကလုပ်ထားတဲ့အရည်တွေကို အကုန်မထည့်ပဲ တစ်ဝက်ပဲထည့်ပါ။ ပြီးရင် သမအောင်နယ်ပြီး ၁ နာရီလောက် အသားထဲစိမ့်ဝင်စားအောင် စိမ်ထားပေးရပါမယ်။

အချိန်ပြည့်ရင် စိမ်ထားတဲ့ကြက်သားတွေကို ဒယ်အိုးထဲထည့်ကြော်ပါ။ ဆီထည့်စရာမလိုပါဘူး။ ကြော်ပြီးရင် ပန်းကန်ထဲခူးထုတ်ထားပါ။

ဒယ်အိုးထဲကို နှမ်းဆီ အနည်းငယ်ထည့်ပါ။ ကြက်သွန်နီ – ၃ လုံးကို လှီးထည့်ပါ။ တရုတ်နံနံကြီး – ၃ လက်ကို သေးသေးလေးတွေ လှီးထည့်ပါ။ မုန်လာဥနီအကြီး – တစ်လုံးကိုလည်း အချောင်းလေးတွေ လှီးထည့်ပါ။ ဂေါ်ဖီ – တစ်စိတ်ကိုလည်း လှီးထည့်ပြီး ကြော်ပါ။

မနူးသေးတဲ့အချိန်မှာပဲ ခေါက်ဆွဲခြောက် – ကြီးရင် ၂ ခု၊ သေးရင် ၃ ခုထည့်ပါ။ ကြက်စွပ်ပြုတ်အရည် – ပန်းကန်လုံးအသေး တစ်ခွက်ခွဲစာထည့်ပြီး ၅ မိနစ်လောက် အဖုံးအုပ်ထားပါ။ ခဏထားပြီးရင် မွှေပေးပါ။ သမအောင်မွှေပြီးရင် ကြော်ထားတဲ့ ကြက်သားတွေကို ထည့်ပြီးမွှေပါ။ ပထမဆုံးလုပ်ထားတဲ့အရည်တွေက ကြက်သားစိမ်ဖို့ တစ်ဝက်ပဲသုံးထားတာမို့ ကျန်နေတဲ့တစ်ဝက်ကို လောင်းထည့်လိုက်ပါ။

သေချာမွှေပေးပြီး ရပြီဆိုရင်တော့ ပန်းကန်ထဲခူးထည့်ပြီး စားသုံးနိုင်ပါပြီ။ ခေါက်ဆွဲခြောက်တွေစားရတာ ကြိုက်တဲ့သူတွေဆိုရင်တော့ ဒီလို Ready Made ခေါက်ဆွဲခြောက်နဲ့ကြော်ထားတဲ့ ခေါက်ဆွဲကြော်ကို ပိုကြိုက်မယ်လို့ထင်ပါတယ်။

Photo Source: www.tasty.com