အားလုံးပဲ မင်္ဂလာပါ။ အသားဆိုလည်း ဝက်၊ ကြက်၊ ငါးထဲကမထွက်သလို အရွက်ကြော်ဆိုရင်လည်း ကန်စွန်းရွက်ကြော်၊ ချဉ်ပေါင်ကြော်၊ ဟင်းနုနွယ်ကြော် စသဖြင့် ဒါတွေချည်း စားနေရလို့ဆိုပြီး ညည်းညူနေတဲ့ အိမ်သားတွေကြောင့် အိမ်ရှင်မများစိတ်ညစ်နေရပြီလား။

ဒါဆိုရင်တော့ အခုတစ်ခါဖော်ပြပေးမယ့် အရံဟင်းလေးက အိမ်သားတွေအားလုံးအကြိုက်တွေ့မှာ သေချာပါတယ်နော်။ အရသာရှိတဲ့အပြင် ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အစွမ်းသတ္တိတွေပါဝင်တဲ့ ဟင်းတစ်ခွက်ဖြစ်လို့ မြိန်ရေရှက်ရေ သုံးဆောင်နိုင်ကြပါစေလို့ မျှော်လင့်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • ရုံးပတီသီး – ၁ စည်း
  • ပဲပင်ပေါက် – ၁၀၀ ဖိုးလောက်
  • ပုဇွန်ခြောက်အသေး – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား၊ ဂျင်း (အနည်းငယ်)

ပြင်ဆင်ချက်ပြုတ်ပုံ

၁။ ရုံးပတီသီးကို တစောင်းလေးတွေနဲ့ ပါးပါးလေးဖြစ်အောင် လှီးလိုက်ပါ။

၂။ မီးအနေတော်မှာ မီးဖိုကို အပူပေးပြီး ပုဇွန်ခြောက်နှင့် ပါးပါးလှီးထားတဲ့ ဂျင်းအနည်းငယ်ကို ဆီထည့်ကာ အသံမြည်လာတဲ့အထိ ကြော်ပေးပါ။

၃။ ထို့နောက် ရုံးပတီသီးထည့်မွှေပါ။

၄။ ခဏကြာရင် ပဲပင်ပေါက်ထည့်လိုက်ကာ အရသာအတွက် ဆားထည့်ပါ။

၅။ မိနစ်အနည်းငယ်လောက် သေချာနှံ့အောင် မွှေပေးပြီးလို့ အရသာလည်းစိတ်တိုင်းကျဖြစ် ၊ ဟင်းရွက်တွေလည်းနူးသွားပြီဆိုရင် ပန်းကန်ထဲထည့်ကာ သုံးဆောင်နိုင်ပါပြီ။

Source: kitchenbowl.com