အားလုံးပဲ မင်္ဂလာပါ။ ထမင်းကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ပုစွန် Omurice ထမင်းကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထမင်း ပန်းကန်လုံး ၂ လုံးစာ
  • ကြက်ရင်အုံသား ၁၀၀ ဂရမ် (အတုံးသေးသေး တုံးထားပါ)
  • ပုစွန် ၁၀၀ ဂရမ် (အခွံခွာထားပါ)
  • မုန်လာဥနီ ၁ လုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ခရမ်းချဉ်သီး Ketchup စားပွဲတင်ဇွန်း ၂ ဇွန်း

  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)၊ ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်ဥ ၂ လုံး
  • ပြောင်းမှုန့်အရည် (ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ရေ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရောနှောထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီ ပူလာပါက ကြက်သွန်နီ၊ ကြက်သွန်ဖြူထည့်ကာ အညိုရောင် ပြောင်းသွားသည်အထိ ဆီသတ်ပါ။

၂။ ထို့နောက် ကြက်သားနှင့် မုန်လာဥနီတိုပထည့်ကာ ၂ မိနစ်ခန့် ကြော်လိုက်ပါ။

၃။ ထို့နောက် ခရမ်းချဉ်သီး Ketchup ထည့်ကာ သမအောင် မွှေပါ။ ငါးငံပြာရည်၊ ဆားတို့ထည့်ကာ သမအောင် ကြော်ပါ။

၄။ ထို့နောက် ပုစွန်ထည့်ကာ ပုစွန်များ ပန်းနုရောင် ပြောင်းသွားသည်အထိ ကြော်လိုက်ပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ ထမင်းထည့်ပါမယ်။

သမအောင် ကြော်ပြီးတဲ့နောက်မှာတော့ ထမင်းကြော်ကို ပန်းကန်လုံးထဲ ပြောင်းထည့်ထားပါ။

၆။ နောက်တစ်ဆင့်အနေနဲ့ ကြက်ဥကြော်ရပါမယ်။ ကြက်ဥ ၂ လုံးကို ပန်းကန်လုံးထဲ ဖောက်ထည့်ပြီးနောက် ဆား၊ ငရုတ်ကောင်းမှုန့်အနည်းငယ် ပြောင်းမှုန့်အရည်တို့ထည့်ကာ သမအောင် မွှေခလောက်လိုက်ပါ။

၇။ ဒယ်အိုးကို အပူပေးပြီး ဆီ အနည်းငယ် ထည့်ပါ။ ဆီပူလာပါက ကြက်ဥထည့်ကာ မီးအေးအေးဖြင့် စက္ကန့် ၂၀ ခန့် ကြော်လိုက်ပါ။

ထို့နောက် မီးပိတ်လိုက်ပါ။ ဒယ်အိုးအဖုံးအုပ်ထားပြီးနောက် မီးဖိုပေါ်တွင် ၁ မိနစ်ခန့် တင်ထားလိုက်ပါ။

၈။ တစ်မိနစ် ပြည့်သွားပြီဆိုရင်တော့ စောစောက ပန်းကန်လုံးထဲက ထမင်းကြော်ကို ကြက်ဥကြော်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ မှောက်ချလိုက်ပါ။

ထို့နောက် ကြက်ဥအနားသားများကို ကြက်ဥပေါ် အုပ်ပေးလိုက်ပါ။

ထို့နောက် ပန်းကန်ပြားတစ်ချပ်ကို ဒယ်အိုးကို အုပ်ထားလိုက်ပြီးနောက် ဒယ်အိုးကို မှောက်ချလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပုစွန် Omurice ထမင်းကြော်လေး ရရှိသွားပါပြီ။

Source: Huangkitchen.com