ကြက်သားကြော်ကို ဒီတိုင်းပဲကြော်စားရတာ ရိုးနေပါပြီ။ ထမင်းဖြူလေးနဲ့ တွဲစားဖို့အတွက်ပဲဖြစ်ဖြစ်၊ ဒီတိုင်းကြက်ကြော်လေးစားလိုက်၊ အအေးလေးသောက်လိုက်၊ ဘီယာလေးနဲ့မြည်းလိုက် လုပ်ဖို့အတွက်ပဲဖြစ်ဖြစ် ပိုစားကောင်းတဲ့ ကြက်သားကြော်ကိုစားသုံးနိုင်ဖို့ Orange Juice နဲ့ ကြက်သားကြော်နည်းကို မျှဝေပေးချင်ပါတယ်။

ကြက်သားအသားချည်းပဲ – 2lb စာကို အတုံးလေးတွေတုံးပြီး ပန်းကန်ထဲထည့်ပါ။

နောက်ထပ်ပန်းကန်လုံးအကြီးထဲကို ဆား – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငရုပ်ကောင်းမှုန့်အဖြူ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပြောင်းကော်မှုန့် – ခွက်တစ်ခွက်စာ၊ ဂျုံမှုန့် – ခွက် ၃ ခွက်စာထည့်ပြီး ကြက်ဥ – ၁ လုံး ဖောက်ထည့်ပါ။

ရေကို တစ်ခွက်ခွဲစာထည့်ပြီး မွှေပေးပါ။ မွှေနေတဲ့အချိန်မှာပဲ ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး သေချာမွှေပေးပါ။

သေချာမွှေပြီးရင်တော့ ခုနကလှီးထားတဲ့ ကြက်သားတွေကိုထည့်မွှေပြီး ပလတ်စတစ်နဲ့ပိတ်ကာ မိနစ် ၃၀ ထားထားလိုက်ပါ။

အချိန်ပြည့်ရင်တော့ ဆီအိုးထဲကို ဆီများများနဲ့ ထည့်ကြော်ပေးပါ။

ကြော်ပြီးရင် ခူးထုတ်ပြီး ဆီစစ်ထားပါ။

အိုးထဲကို ဟင်းသီးဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး ငရုပ်သီးမှုန့် – အနည်းငယ်ထည့်ပါ။ ထောင်းထားတဲ့ ဂျင်း – လက်ဖက်ရည်ဇွန်းတစ်ဝက်စာ၊ ထောင်းထားတဲ့ ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း ၁ ဇွန်းစာ၊ သကြားဖြူ – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာ၊ သကြားညို – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာထည့်မွှေပါ။

Orange Juice – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာ၊ ရှာလကာရည် – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာ၊ ပဲငံပြာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်မွှေပါ။

ပွက်ပွက်ဆူလာရင် ရေ – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ပြောင်းကော်မှုန့် – စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို ရောမွှေပြီးထည့်ပါ။

နည်းနည်းပျစ်လာတာနဲ့ ကြော်ထားတဲ့ ကြက်သားတွေကို ထည့်မွှေပါ။

သမအောင်မွှေပြီးရင် နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းဆမ်းပြီး ထပ်မွှေပါ။

အားလုံးပြီးရင်တော့ ပန်းကန်ထဲခူးထည့်ပြီး ကိုယ်ကြိုက်သလို စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ Orange Juice နဲ့ကြော်ထားတဲ့ ကြက်သားကြော်ကို ရရှိသွားပါပြီ။

Source: www.tasty